Saturday, January 23, 2016

ရာသီချိန်မဟုတ် သရက်သီးသီးစေခြင်း



ရာသီချိန်မဟုတ် သရက်သီး၊ သီးစေခြင်း
 
မြန်မာနိုင်ငံ တွင် သရက် စိုက် ဧက ၁ ဒသမ ၅၅ သန်း ကျော်ခန့် ရှိပြီး တစ်နှစ်လျှင် သရက်သီး အလုံးပေါင်း ၁,၆၅၀ သန်းကျော်
ထွက်ရှိ နေသည်။ သရက် သီးသည် ရာသီချိန် တွင် တစ်ပြိုင်တည်း ပေါ်တတ် သဖြင့် ဈေးကောင်း မရရှိဘဲ သရက်သီး များပုပ်ပြီး
အလေ အလွင့် ဖြစ်ခြင်း များနှင့် ကြုံရ သည်။
သို့အတွက် နိုင်ငံတ ကာတွင် သရက် သီးကို ရာသီချိန် မဟုတ်ဘဲ ပေါ်အောင် နည်းပညာ အသုံးချလာ ကြသည်။ ရာသီချိန် မဟုတ်
ဘဲ ရာသီ ထက် စော၍ သီးခြင်း၊ ရာသီထက် နောက်ကျ သီးခြင်း နှစ်မျိုး ဖြစ်ပေါ် နိုင်သည်။ ပုံမှန် ရာသီ ထက်စော ၍ သရက်သီး
ပေါ်ခြင်း ကြောင့် ဈေးကောင်း ရသည်။
ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ဈေးကွက်တွင် မျက်နှာရသည်။ ရာသီချိန်ထက်နောက်ကျ၍ သရက်သီးပေါ်ခြင်းသည် ပိုးမွှားရောဂါ ကျပြီး အရည်အသွေးပါ ထိခိုက်စေနိုင် သည်။ သို့အတွက် သရက်သီးကို ပုံမှန်ရာသီ ထက်စော၍ သီးအောင်သာ အလေးပေး ဆောင်ရွက်
လာကြသည်။
ပုံမုန် ရာသီထက် သရက်သီး စောပေါ် ရန်မှာ သရက်သီး ဆွတ်ခူးပြီး သရက်တုံး သွားသော အပင် ရပ်နား ချိန်တွင် ပိုးကျ ရောဂါ
ရကိုင်း များအား ဖြတ်တောက် ခြင်း၊ ပိုနေသော ကိုင်း များအား သုတ်သင် ခြင်းဖြင့် အပင်ကို သန့်ရှင်းရေး ပြုလုပ်ရမည်။ လာမည့်
ရာသီတွင် ပန်းပွင့်ပြီး အသီးသီးပေး နိုင်သော သန်စွမ်းကိုင်းများသာ ကျန်ရှိရန် လိုအပ်သည်။
သရက်အပင်အို၊ အပင်ပျိုများ ကိုင်းဖြတ်တောက်ရှင်းလင်းပြီးပါက ဓာတ်မြေ သြဇာကျွေးရသည်။ လာမည့်ရာသီ သရက် သီးစော
ရန် အတွက် အားဖြည့် ပေးခြင်း ဖြစ်သည်။ ပေါင်းမြက် ရှင်းလင်း ပြီးပါက သက်တမ်း လေးငါး နှစ်သား အပင် အတွက် နိုက်ထရို
ဂျင်၊ ဖော့စ ဖရပ်နှင့် ပိုတက် ဆီယမ် ၃း၁း၁ မြေသြဇာ ကို တစ်ပင်လျှင် နှစ်ကီလို၊ သုံးကီလိုနှုန်း ထည့်ပေးရန်လိုအပ်သည်။ သဘာဝမြေသြဇာအဖြစ် ကြက်ချေး၊ နွား ချေး၊ ၀က်ချေး၊ လင်းနို့ချေး၊ ထုံး၊ ဒိုလိုမိုဒ် များကို ရောနှောကျွေးလျှင် ပိုကောင်းသည်။
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ကျွေးရာတွင် အပင်၏ အရွက်အုံးဆိုင်းမှု အောက်တည့်တည့်တွင် လေးငါးနေရာ ကျင်း
တူး၍ ထည့်ကျွေးရသည်။ မြေသြဇာ ကျွေးပြီးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်များ ဖုံးပေးရန်လိုအပ်သည်။
သရက်ပင်ကို ကိုင်းဖြတ်၊ မြေသြဇာ ကျွေး ပြုလုပ်ပြီးပါက ရေသွင်းပေးရန် လို အပ်သည်။ ရေသွင်းပြီး ငါးရက်မှ ခုနစ်ရက် အတွင်း
ရွက်နုများ တိုးလာမည်ဖြစ်သည်။ ပုံမုန်ရာသီ၌ ဇူလိုင်လတွင် ဒုတိယအကြိမ် ရွက်နုထွက်သည်။ ၎င်းင်းအရွက်များသည် မိုးရာသီ
မကုန်မီ အရွက်ရင့်များ ဖြစ် သွားပြီး ကြီးထွားမှု ရပ်ဆိုင် သွားသည်။
ရွက်နု ထွက်ချိန် သည် သရက်သီး ချိန်အတွက် အဓိက အချက် ဖြစ်သည်။ ရွက်နုများ မရင့် ခင်အဆင့်တွင် အရွက်များ ကြေးနီ
ရောင် ဖြစ်လာသည်။ အရွက်နုများ အဆင့်ဆင့် ကြီးထွားလာသည်။ ၎င်းင်းအချိန်တွင် လှေး ပိုး၊ ရွက်စားပိုး၊ ကျိုင်း၊ ဒက်ပိုးတုနှင့် မှည့် ပျောက်စွန်းရောဂါများ ကျရောက်တတ် သဖြင့် သတိပြုကြိုတင်ဆောင်ရွက်ရန် လို အပ်သည်။ ပုံမှန်မဟုတ်သော ရာသီတွင်
သရက် သီးပေါ်စေရန်မှာ ပထမအကြိမ်ထွက်သော ရွက်နုများမရင့်မှီအချိန်တွင် ဆောင်ရွက်ရ သည်။ သရက်ဖူးများ နိုးကြားလာ
စေရန်နှင့် အဖူးထွက် ပန်းပွင့်လာစေရန်အတွက် အရွက်ရင့်များအပေါ်တွင် ယမ်းစိမ်းဖျော် ရည်ကို ပက်ဖျန်းပေးရသည်။
တချို့ သရက်မျိုး များသည် သရက်ဖူး များ နိုးကြား စေရန် ယမ်းစိမ်းဖြင့် အကျိုး သက်ရောက်မှု မရှိသဖြင့် Paclobutrazol ကို
ကြိုတင် အသုံး ပြု၍ အပင်ပိုင်းကြီးထွားမှုကို ဟန့်တား ထားရန် လိုအပ်သည်။ ဈေးကွက်တွင် Cultar, Runner-p, prediet
ဟူ၍ ၀ယ်ယူနိုင်သည်။ Paclobutrazol သူသည် အရွက်ထက် အမြစ်က ပို၍ ထိရောက်မှု ရှိသည်။
ဆေးကို အသုံးပြုရာတွင် အညွှန်းပါအတိုင်း တိတိ ကျကျ အသုံးပြုရန်လိုသည်။ သရက်ရွက် များသည် အစိမ်းရင့်ရောင်ဖြစ်ပြီး
တောင့် တင်းနေပါက သရက်ဖူးများဖြစ်ပေါ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သရက် ရွက်များပါပြီး နူးညံ့ပျော့ပြောင်း
နေခြင်း၊ သေးငယ်လွန်းခြင်း၊ အဆစ်များရှည် ခြင်း၊ ကိုင်းများသေးသွယ်ခြင်း၊ အရေ အတွက်နည်းလွန်းခြင်းဖြစ်နေပါက နိုက် ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ၉း၂၄း၂၄ ဓာတ်မြေသြဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလို ထည့်သွင်းပေးရန်
လိုအပ်သည်။ ထည့်သွင်းရမည့် ဓာတ်မြေ သြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် ကွာခြားသည်။
အထက်ပါနှုန်းထားသည် အပင်သက် ၁၇ နှစ်သားအရွယ်အတွက် ဖြစ်သည်။ နောက်ဆုံးထွက်သော အရွက်နုများ ထွက်ပြီး ရင့်
သွားသည့်အချိန်တွင် အချိန် အခါမဟုတ်သော မိုးကြောင့်လည်းကောင်း၊ ရေပေးသွင်းခြင်းဖြင့်လည်းကောင်း၊ နောက် ထပ်ရွက်နု
များကို ဟန့်တားရန် လိုအပ် သည်။ မိုးသည်ထန်စွာ ရွာသွန်းပါက သုညး၅၂း၂၄ အချိုး၊ ဓာတ်မြေသြဇာ ၅၀ မှ ၆၀ ဂရမ်ကို ရေ ၂၀ လီတာနှင့်ဖျော်၍ အရွက်များကို ဖျန်းပေးရန် လိုအပ်သည်။ မိုးမရွာပါက သုညး၂၅း၄၀ အချိုးဓာတ်မြေ သြဇာ ၅၀ မှ ၆၀ ဂရမ်ကို
ရေ ၂၀ လီတာ နှင့် ဖျာ်၍ ၁၅ ရက်၊ သို့မဟုတ် ၂၀ ရက်၊ သို့မဟုတ် ၃၀ ခြား ဖျန်းပေးရန် လိုအပ်သည်။
သရက်ရွက်များ ရင့်လာချိန်တွင် ပန်းပွင့်ရန် ဆောင်ရွက်ချိန်ဖြစ်သည်။ အကိုင်း ကြီးများ ကျွတ်ဆတ်နေခြင်း၊ အရွက်များ အစိမ်း
ရင့်ရောင်ရှိ၍ ချေကြည့်လျှင် <ကတ် ဆတ်နေပြီး ရွက်နုများကို မတွေ့ရတော့ သည့်အချိန်တွင် ပန်းပွင်လာစေရန် ဆောင်ရွက်သင့်
သည့် အချိန်ဖြစ်သည်။ ၎င်း အချိန် သည် Paclobutrazol ဖျန်းပြီးနောက် ရက် ၁၂၀ မှ ရက် ၁၃၀ အကြာတွင် ဖြစ်သည်။
ဆောင်ရွက်သင့်သည့်အချိန်သည် မြေအစို ဓာတ်ခြောက်သွေ့နေခြင်း၊ ရာသီဥတုသည် တိမ်ကင်းစင်သာယာနေခြင်း၊ မိုးမရွာသော ကာလဖြစ်ခြင်းများ ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း တွင် မိုးရာသီ ကုန်ဆုံး ကာလ သည် အသင့် တော်ဆုံး ဖြစ်သည်။ ၎င်းအ
ချိန်တွင် အညွန့်သစ်များထိန်းချုပ်ရန် သုညး ၂၅း၂၄ ဓာတ်မြေသြဇာ ၅၀ ဂရမ်မှ ၆၀ ဂရမ်ကို ရေ ၁၂၀ လီတာနှင့်ဖျော်၍ ဖျန်းပေး
ရန် လိုအပ်သည်။
သရက် ပန်းပွင့် စေရန် အတွက် Thiourea ၇၅ ဂရမ်မှ ၈၀ ဂရမ်ကို ရေလီတာ ၂၀ တွင် ဖျော်၍၊ သို့မဟုတ်ရောစပ်၍ အပင်ပေါ်ဖျန်း
ပေးရန် လိုအပ်သည်။ ပက်ဖျန်းပြီး တစ်ပတ်အတွင်း မိုးမရွာလျှင် ပို၍အကျိုး သက်ရောက်မှုရှိစေသည်။ ယမ်းစိမ်းကို အသုံးပြုပါက အရွက်များ လောင်ကျွမ်းနိုင် သဖြင့် နှုန်းထားမှန်ကန်ရန်နှင့် ညနေပိုင်း တွင်သာ ဆေးဖျန်းရန် သတိပြုသင့်သည်။
Thiourea ၊ သို့မဟုတ်KNO3 ဖျန်းပြီး ခုနစ်ရက်မှ ၁၀ ရက်ကြာပါက ပထမဦးဆုံး ပန်းခိုင်စထွက်ပန်းပွင့်လာသည်။ အနည်းလို
အာဟာရဓာတ် ဃယေြါယဇညယသြ ပါဝင် သည့် ၁၅း၃၀း၁၅ ဓာတ်မြေသြဇာကို ကပ် ဆေးနှင့်ရောပြီး ညနေပိုင်းတွင် ပက်ဖျန်း
ပေးပါ။ ပန်းမပွင့်မီ ခုနစ်ရက်အလိုတွင် ၀တ် မှုန်ကူးရန် အထောက်အကူဖြစ်စေသော ယင်ကောင်၊ ပျားများလာရောက်စေရန် အပင်ပတ်ဝန်းကျင်တွင် ကြက်ချေးများ ဖြန့်ခင်းပေးခြင်း၊ ငါးအူများကို အပင်ပေါ် တွင် ချိတ်ဆွဲပေးခြင်းများကို ဆောင်ရွက်ရန်
လိုအပ်သည်။
ပန်းခိုင်ထွက်ပြီး ၁၄ ရက်အကြာတွင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ၂၁ ရက်အကြာတွင် ပန်းဖူး၏ ၅၀ ရာခိုင်နှုန်း ပန်းပွင့်လာသည်။ ပန်း
ဖြိုင်ဖြိုင်ပွင့်ချိန်တွင် အသီးပြည့်စုံစွာ သန္ဓေအောင်စေရန်အတွက် ယင်နှင့်ပျား များ၏ အကူအညီများစွာ လိုအပ်သည်။ ၀တ်မှုန်ကူး
ရန် သင့်တင့်သော အပူချိန်နှင့် စိုထိုင်း ဆသည် အရေးကြီးသည်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်မှ ၄၄ ဒီဂရီ စင်တီ ဂရိတ် သည် ၀တ်မှုန်ကူး သန္ဓေအောင် စေရန် သင့်တော်သော အခြေအနေဖြစ်သည်။
ပန်းပွင့်သန္ဓေအောင်ပြီး ခုနစ်ရက် အကြာတွင် အသီးငယ်ငရုတ်ကောင်းစေ့ အရွယ် အဆင့်ရောက်ရှိလာသည်။ အသီး ငယ်များ ကြီးထွားရန် အပင်ရှိအာဟာရ များကို မျှဝေသုံးစွဲစပြုလာသည်။ သရက်သီး ပဲပုပ်စေ့အရွယ် အဆင့်ရောက်လာပါ က ကြီးထွားမှု
လျင်မြန်လာသည်။ အသီး ငယ်ကြာစေ့ရွယ် အဆင့်သို့ ပန်းပွင့်ပြီး တစ်လအကြာတွင် ရောက်ရှိသည်။ ကိုင်း ငယ်၊ ကိုင်းကြီး၊ ပင်
မပင်စည်မှ အစာများ ကို အသီးကြီးထွားဖွံ့ဖြိုးမှုအတွက် စုပ်ယူ အသုံးချသည်။ ပန်းခိုင်တစ်ခုလုံးတွင် အသီး ၁၀ လုံးမှ ၁၅ လုံး
သာထား၍ သီး ညှပ်၊ သီးကျပ်များကို ဖယ်ရှားပစ်ရန် အထူး အရေးကြီးသည်။
ပန်းပွင့်ပြီး ၄၅ ရက်သားအရွယ်တွင် အသီးခါဥအရွယ်သို့ ရောက်ရှိသည်။ ဤ အဆင့်တွင် အာဟာရ မလုံလောက်ပါကကြွေကျ
တတ်သည်။ ၁၅း၃၀း၁၅ ဓာတ်မြေ သြဇာကို အနည်းလိုအာဟာရဓာတ်များနှင့် ရော၍ ဓာတ်မြေသြဇာအရည် ၁၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့်ရော၍ ပက်ဖျန်းပေး ရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၆၀ သား၌ အသီး တွင် ကြက်ဥအရွယ်အဆင့်သို့ ရောက်ရှိ သည်။ ဤအဆင့်တွင် အစိုဓာတ်ပြတ်ခြင်း၊ အာဟာ
ရမလုံလောက်ခြင်းဖြစ်ပါကေ<က ကျတတ်သည်။ အပူချိန်နိမ့်လွန်းခြင်း၊ မြင့် လွန်းခြင်းဖြစ်ပါကလည်း ကြွေကျတတ်သည်။ ဤအဆင့်တွင် ပုံမှန်မဟုတ်သော အသီးများကိုေ>ခပေးရန် လိုအပ်သည်။ အသီးကြီးထွားမှု ကောင်းစေရန် ၉း၂၄း၂၄ ဓာတ်မြေ
သြဇာကို တစ်ပင်လျှင် တစ်ကီလို မှ နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၉၀ တွင် အသီးများ ရင့်ရန် နီးကပ်လာချိန်ဖြစ်သည်။ ဤ အဆင့်တွင် ကြီးထွားမှုပိုမိုလာသည်။ ရေ သွင်းရက်ပို၍
ခြားပေးပြီး ရေသွင်းချိန်တွင် ၉း၂၄း၂၄ ဓာတ်မြေသြဇာကျွေးပေးရန် လို အပ်သည်။ ၁၀ ရက်ကြာလျှင် သရက်သီး ပေါ်၌ ခပ်ပါးပါး
ဖယောင်းလွှာပေါ်လာ သည်။ ဖယောင်းလွှာပေါ်လာစေရန် ၉း၂၄း ၂၄ ဓာတ်မြေသြဇာအရည် ၂၀ မီလီမီတာ နှင့် ၃၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့် ရော၍ ပက်ဖျန်းပေးရန် လိုအပ်သည်။ ဤနည်းဖြင့် ရာသီချိန်မဟုတ် ပန်း ပွင့်ပြီး ရက် ၁၁၀၊ ရက် ၁၁၅ ရက်
ကြာတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးသော သရက်သီး များကို စနစ်တကျ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။
Credit to
- အောင်ဆန်း (စိုက်ပျိုးရေး)

Wednesday, September 2, 2015

ပိန္နဲပင်စိုက်ပျိုးနည်း

#ပိန္နဲပင်စိုက်ပျိုးနည်း


 မြန်မာအမည်-ပိန္နဲ
အင်္ဂလိပ်အမည်- Jack Fruit
 ရုက္ခဗေဒအမည်-Artocarputs heterophyllus
မျိုးရင်းအမည်-Moraceae
 မူရင်းဒေသ ပိန္နဲပင်၏မူရင်းဒေသကိုအိန္ဒိယပြည်ဟုယူဆကြသည်။

  ပိန္နဲမျိုးများ

  ပိန္နဲတွင်အိမ်မာနှင့်အိမ်ပျော့ဟူ၍အဓိကနှစ်မျိုးရှိသည်အိမ်မာပိန္နဲမျိုး၏အရွက်သည်ပို၍ဝိုင်းသည်။အသီးသည်လည်းပို၍စိမ်းပြီးလျှင်ချောသည်။ အသားထူပြီးအစေ့သေးငယ်သည်။ အိမ်ပျော့မျိုးသည်အိမ်မာမျိုးထက်ညံ့ဖျင်းသည်။ အသားနည်းသည်။ အသီးငယ်၍အစေ့ကြီးသည်။ အပြင်ခွံကြမ်းသည်။

ရာသီဥတု
 
       ပိန္နဲသီးသည်အပူပိုင်းဒေသသီးနှံဖြစ်သည်။ ပူအိုက်စွတ်စိုသောရာသီဥတုကိုကြိုက်နှစ်သက်သည်။ မိုးရေချိန်လက်မ ၄၀ မှ ၁၀၀ ကျော်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာပြည်အလယ်ပိုင်းမိုးနည်းသောဒေသများတွင် ရေသွင်း၍ပိန္နဲစိုက်ပျိုးနိုင်ပါသည်။ မြန်မာပြည်တွင်အမြင့်ပေ ၃၀၀၀ ကျော်သော အရပ်၌ပိန္နဲပင်ဖြစ်ထွန်းသည်ကိုတွေ့ရသော်လည်း အလွန်အေးသည့်ရာသီကိုမနှစ်သက်ချေ။

မြေအမျိုးအစား

       ပိန္နဲသည်အမြစ်နက်နက်ဆင်းနိုင်ရန် မြေသားထူ၍ မြေသြဇာထက်သန်သောမြေသည် အကောင်းဆုံးဖြစ်သည်။ ရေဝပ်ခြင်းကိုမနှစ်သက်ပါ။ ရေဝပ်နေပြီးမြေတွင်းအစိုဓာတ်များလွန်းပါက အပင်ပေါက်ညံ့ဖျင်းသည့်ပြင် အပင်ကြီးထွားမှုလည်းမကောင်းချေ။ ယေဘုယျအားဖြင့်ပိန္နဲသည် ရေဝပ်သောမြေမှလွဲ၍မြေအမျိုးအစားမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်ပါသည်။ ၅။ပျိုးထောင်နည်း များသောအားဖြင့်အစေ့မှပျိုးယူကြသည်။ ပိန္နဲသီးကိုမေလနှင့်ဇွန်လများတွင်ဆွတ်ခူးလေ့ရှိသည်။ အသီးမှရရှိလာသောအစေ့များကို ပလတ်စတစ်အိတ်၊ဝါးဆစ်၊ပျိုးအိုးများတွင် ပျိုးလေ့ရှိကြသည်။ အစေ့မှအသားများကုန်အောင်ရေဖြင့်ဆေးကြောရသည်။ ထို့နောက်ပလတ်စတစ်အိတ်(သို့မဟုတ်)ဝါးဆစ် (သို့မဟုတ်)ပျိုးအိုးတွင်မြေဆွေး၊သဲနှင့်အပေါ်ယံမြေသား တို့ကိုဆတူရော၍အစေ့ထည့်ပျိုးပါ။ ပျိုးသည့်မြေ၌အစိုဓာတ်ရှိနေရန်လိုအပ်သော်လည်း ရေအလွန်စိုရွှဲမနေစေရပါ။ ပျိုးပင်အမြင့် ၁၀ လက်မမှတစ်ပေခန့်မြင့်လာလျှင် မြေချစိုက်ပျိုးနိုင်ပါသည်။ မျိုးသန့်ပိန္နဲမျိုးများရရှိစေရန် မျိုးကောင်းမျိုးသန့်ပင်မှပျိုးကိုင်းကို အစေ့ပျိုးအောက်ခံပင်ပေါ်တွင် ပင်ထောက်ကိုင်းဆက်နည်းဖြင့် မျိုးပွားစိုက်ပျိုးလာကြပါသည်။

စိုက်ပျိုးနည်း 
 
   ပိန္နဲပင်များကိုမြေချစိုက်ရန်အကောင်းဆုံးအချိန်မှာ မိုးကျချိန်မေလ၊ဇွန်လများတွင်စိုက်ပျိုးခြင်းဖြစ်သည်။ ထိုအချိန်တွင်အစေ့မှပျိုးထောင်ခဲ့သောပျိုးပင်သည် အသက်တစ်နှစ်သားရှိပြီဖြစ်သည်။ ပိန္နဲပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် ၃၀-၄၀ ပေခြား၍ ကျင်းစနစ်ဖြင့်စိုက်ပျိုးကြသည်။ စိုက်ကျင်းကိုသုံးပေပတ်လည်အရွယ်အစားတူး၍ နွားချေးဆွေး(သို့မဟုတ်)သစ်ရွက်ဆွေးမြေသြဇာနှင့် အပေါ်ယံမြေသားတို့ကိုဆတူရော၍ ကျင်းတွင်ထည့်ပေးလေ့ရှိကြသည်။ ထို့နောက်ပျိုးပင်ကိုမြေလုံးမပျက်ကျင်းတွင် ချစိုက်သည်။ စိုက်ရာတွင်ပျိုးပင်အခြေအနေတွင်ရှိစဉ်က မြေအနက်အတိုင်းရှိနေစေရန်လိုအပ်ပါသည်။ 

မြေသြဇာကျွေးနည်း 

        ပိန္နဲပင်ငယ်များကိုနွားချေးနှင့်ပုလဲဓာတ်မြေသြဇာ ကျွေးသင့်ပါသည်။အပင်ငယ်များကျွေးရာတွင် မိုးဦးတွင်တစ်ကြိမ်၊မိုးနှောင်းတွင်တစ်ကြိမ်၊ အပင်ငယ်တစ်ပင်တွင်နွားချေးငါးပေါင်နှင့် ပုလဲဓာတ်မြေသြဇာ ၀.၂၅ပေါင်ကျွေးသင့်သည်။ အပင်ကြီးလာသည်နှင့်အမျှမြေသြဇာနှုန်း တိုးသွားရပါမည်။ အသီးသီးနေသောအပင်ကြီးတွင် မိုးအကုန်သီးကင်းဝင်စနိုဝင်ဘာလ၊ဒီဇင်ဘာလလောက်တွင် မြေသြဇာများကျွေးသင့်ပါသည်။ ကျွေးရာတွင်အပင်၏အရိပ်အဝန်းအောက်ခြေ တစ်ဝိုက်တွင်ကျင်းငယ်များတူး၍တစ်ပင်လျှင် နွားချေး ၁၀ ပေါင်နှင့် N:P:K-၉:၇:၅ ဓာတ်စုံ ဓာတ်မြေသြဇာကိုတစ်ပင်လျှင်သုံးပေါင်နှုန်း ကျွေးသင့်ပါသည်။

အပင်ပြုစုနည်း

       ပိန္နဲပင်သည်ရေဝပ်ခြင်းကိုမနှစ်သက်ပါ။ ထို့ကြောင့်ရေထုတ်မြောင်းများလုပ်ပေးထားရပါမည်။ အပင်ငယ်စဉ်တွင်ခြောက်သွေ့သောရာသီများ၌ အနည်းဆုံးတစ်နေ့လျှင်တစ်ကြိမ် ရေလောင်းပေးရပါမည်။စိုက်ခင်းကြီးများတွင် မိုးဦးတွင်တစ်ကြိမ်၊မိုးနှောင်းတွင်တစ်ကြိမ် ပေါင်းလိုက်မြက်ရှင်းရန်လိုအပ်ပါသည်။ ပိန္နဲစိုက်ပျိုးရာတွင် အပင်ကိုအထူးဂရုစိုက်ပြုပြင်ရန်မလိုဘဲ အသီးရရှိနေကြသဖြင့်ပြုပြင်မှုမရှိကြပါ။ အသီးကင်းဝင်မည့်အချိန်တွင် ကိုင်းမကြီးနှင့်ပင်စည်တို့မှထွက်လာသော အကိုင်းတက်လေးများကိုဖြတ်တောက်ပေးခြင်းဖြင့် လေပိုမိုရရှိခြင်း၊အစိုဓာတ်မအောင်းတော့ခြင်း၊ အလင်းရောင်ပိုမိုရရှိလာခြင်းတို့ကြောင့် သီးကင်းများပိုမိုတင်လာမည်ဖြစ်ပါသည်။

ကျရောက်တတ်သောပိုးမွှား၊ရောဂါများ 

    ပိန္နဲတွင်ပင်ပိုင်း၌ရောဂါကျရောက်မှု အလွန်နည်းပါးပါသည်။အောက်ဖော်ပြပါ ဖျက်ပိုးနှင့်ရောဂါများအနည်းငယ်ကျရောက်တတ်သည်။

 #ဖျက်ပိုးများ ၁။သီးလုံးဖောက်ပိုး ၂။ပင်စည်ထိုးပိုး #ရောဂါများ ၁။သီးပုပ်ရောဂါ ၂။ရွက်ညိုပြောက်ရောဂါ ၃။ကြပ်ခိုးစွဲရောဂါ ၄။ကိုင်းခြောက်ရောဂါ

ဆွတ်ခူးခြင်းနှင့်အထွက်

    ပိန္နဲပင်သည်အစေ့မှစိုက်လျှင် ခြောက်နှစ်မှရှစ်နှစ်ခန့်ကြာလျှင်အသီးသီးသည်။ ပိန္နဲသီးသည်ဆောင်းဝင်စအောက်တိုဘာ၊ နိုဝင်ဘာလလောက်တွင်သီးကင်းစဝင်၍ အသီးမှည့်မမှည့်ကို အသီးပေါ်ရှိဆူးများကျဲသွားသည်ကိုကြည့်၍လည်းကောင်း လက်ဖြင့်ပုတ်ကြည့်၍လည်းကောင်းသိရှိနိုင်သည်။ မမှည့်သေးသောအသီးများကိုအမှည့်မြန်ရန် အညှာကိုသပ်ရိုက်၍အုပ်ပေးခြင်းဖြင့် အမှည့်မြန်စေပါသည်။ ပိန္နဲတစ်ပင်သည်အများဆုံးတစ်နှစ်လျှင် အသီး ၅၀လုံးအထိသီးနိုင်သည်။ ပျမ်းမျှတစ်ပင်လျှင်အသီး ၃၀ခန့်သီးနိုင်သည်။


 Source:သစ်သီးဝလံစိုက်ပျိုးနည့်း ""

ပဲမျိုးမျိုးစုံ မျိုးအလိုက် အရည်အချင်းလက္ခဏာများ

ပဲစင်းငုံမျိုးများ

မလှိုင်ရွှေဒင်္ဂါး
အသက်ရက် - ၂၄၀-၂၅၀
၅၀%ပန်းပွင့်ရက် - ၁၇၅
လင်တာတုန့်ပြန်မှု - ရှိ
အတောင့်အရောင် - ညိုဝင်း
အစေ့အရောင် - ၀ါ
အပင်အမြင့် - ၈ ပေ ၈ လက်မ
တစ်ပင်ပါသီးကိုင်း - ၅
တစ်ပင်ပါသီးတောင့် - ၂၀၀
တစ်တောင့်ပါအစေ့ - ၃-၎
အစေ့(၁၀၀)အလေးချိန် - ၁၁ ဂရမ်
အထွက်နှုန်း(တင်း/ဧက) - ၁၆
မုံရွာရွှေဒင်္ဂါး
အသက်ရက် - ၁၈၀-၂၀၀
၅၀%ပန်းပွင့်ရက် - ၁၅၀
လင်တာတုန့်ပြန်မှု - ရှိ
အတောင့်အရောင် - အညိုပေါ်အနက်ဝင်း
အစေ့အရောင် - နီဝါ
အပင်အမြင့် - ၄ ပေ ၈ လက်မ
တစ်ပင်ပါသီးကိုင်း - ၁၀
တစ်ပင်ပါသီးတောင့် - ၃၀၀-၃၅၀
တစ်တောင့်ပါအစေ့ - ၃-၎
အစေ့(၁၀၀)အလေးချိန် - ၁၀ ဂရမ်
ပဲစဉ်းငုံရာဇဝင်
ပဲစဉ်းငုံကို နိုင်ငံဒေသအလိုက် pigeon pea , tur, toor dāl နှင့် arhar dāl ဟူ၍အမျိုးမျိုးခေါ်ဝေါ်ကြပြီး binomial အမည်မှာ Cajanus cajan ဟုခေါ်ပါသည်။ ပဲစဉ်းငုံကို လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝဝ ခန့်မှ စတင်၍ အာရှနိုင်ငံများတွင် စိုက်ပျိုးခဲ့ကြပြီး နောက်ပိုင်းတွင် အရှေ့အာဖရိကနှင့် အမေရိကတိုက်ကို သို့ ပျံ့နှံ့စိုက်ပျိုးလာကြောင်း သိရပါသည်။ အိန္ဒိယမှ အရှေ့အာဖရိကသို့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ရောက်ရှိလာကြောင်း သိရပါသည်။
ထုတ်လုပ်သည့်နိုင်ငံများ
ပဲစဉ်းငုံသည် အပူဒဏ် ခံနိုင်ရည်ရှိသည့် သီးနှံဖြစ်သဖြင့် အပူပိုင်းဒေသများတွင် ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြောင်း သိရပါသည်။ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်တွင် စိုက်ပျိုးပြီး အာရှတွင် အများဆုံးစိုက်ပျိုးပါသည်။ အာဖရိကနှင့် အမေရိကားအလယ်ပိုင်းသည် ပဲစင်းငုံစိုက်ပျိုးရန် သင့်တော်သည့် ရာသီရှိသဖြင့် ယခုနောက်ပိုင်းတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရပါသည်။ အိန္ဒိယ နိုင်ငံ၏ ပဲစင်းငုံစိုက်ပျိုးမှုသည် ကမ္ဘာ့စိုက်ပျိုးမှု၏ ၈၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရပါသည်။
တင်သွင်းနိုင်ငံများနှင့် အသုံးပြုပုံ
ပဲစဉ်းငုံ ထိပ်တန်းတင်သွင်းသော နိုင်ငံများမှာ အိန္ဒိယနှင့် ဥရောပတိြု့ဖစ်ပါသည်။ ပဲစဉ်းငုံကို အစိမ်းတောင့်ကိုလည်းကောင်း အစေ့ကိုလည်းကောင်း နှစ်မျိုး စားသုံးပါသည်။ ပရိုတိန်းများစွာပါဝင်ပြီး အမိုင်နိုအက်စက်၊ လိုင်စင်း နှင့် tryptophan တို့ အရေးပါသော သီးနှံဖြစ်ပါသည်။ လူစားသုံးရန် ကျန်းမာရေးအတွက် အထူးသင့်လျော်သဖြင့် အိန္ဒိယတွင် သတ်သတ်လွတ် စားသုံးသူများအတွက် ထင်ရှားဆုံး ပဲတစ်မျိုးဖြစ်ပါသည်။
အဓိကအားဖြင့် ပဲစဉ်းငုံစွပ်ပြုတ်၊ ဟင်းလျာနှင့် ကိတ်မုန့်များအဖြစ် စားသုံးပါသည်။ အီသီယိုပီးယားတွင် ပဲစဉ်းငုံတောင့်ကိုသာမက အရွက်နုများကိုလည်း ချက်ပြုတ်စားသုံးကြောင်း သိရပါသည်။ အိန္ဒိယနှင့် အာရှနိုင်ငံများ၏ တိုင်းရင်းဆေးအဖြစ် သတ်မှတ် စားသုံးကြရာ အစာအိမ်နှင့် ပတ်သက်သည့် ရောဂါမှစ၍ ကင်ဆာရောဂါအထိ ကုသရာတွင် အသုံးပြုကြောင်း သိရပါသည်။
တင်ပို့သည့်နိုင်ငံများ
အိန္ဒိယနိုင်ငံသည် ပဲစဉ်းငုံအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက် မြင့်မားသဖြင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ပဲစဉ်းငုံအများဆုံး တင်ပို့နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် အိန္ဒိယ၏ အဓိကတင်သွင်းပါသည်။ ပဲစင်းငုံ အဓိကတင်ပို့နိုင်ငံများမှာ မြန်မာ၊ တန်ဇန်းနီးယား၊ ကင်ညာ၊မာလာဝီ၊ ယူဂန်ဒါ နှင့် မိုဇမ်းဘစ် တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု
မြန်မာနိုင်ငံတွင် စိုက်သက်တမ်း ၅ လ-၇ လ ခန့် ကြာမြင့်သည့် ပဲစဉ်းငုံကို တစ်ရာသီထဲသာ စိုက်ပျိုးပါသည်။ မေလ နှင့် ဇွန်လအတွင်း စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် မတ်လအတွင်း ရိတ်သိမ်းပါသည်။ ပဲစဉ်းငုံစိုက်ပျိုးသည့် တိုင်း္လေသကြီးများနှင့် ပြည်နယ်များမှာ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူး အရှေ့အနောက်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်း္လေသကြီး တို့ဖြစ်ပါသည်။ မကွေးတိုင်းအတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစဉ်းငုံနီသည် ဝယ်လက်ပိုမိုကြိုက်နှစ်သက်ကြောင်း သိရပါသည်။ နှစ်စဉ်မြန်မာနိုင်ငံမှ တန်ချိန် ၃သိန်းမှ ၃.၅ သိန်းဝန်းကျင် ထုတ်လုပ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံမှ ပြည်ပတင်ပို့မှု
မြန်မာနိုင်ငံတွင် ပဲစဉ်းငုံစားသုံးမှုနည်းပြီး ထုတ်လုပ်မှု၏ ၉ဝ ရာခိုင်နှုန်းခန့် ပြည်ပသို့ တင်ပို့လျက်ရှိပါသည်။ တင်ပို့မှုပမာဏအများဆုံးမှာ အိန္ဒိယသို့ ဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ မလေးရှား နှင့် ယူအေအီးတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ပါသည်။ ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆ဝ၇ တွင် တန်ချိန် ၂၆၆၇ဝ၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၂၆၉၉ဝ၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၄၇၁၈ဝဝ ၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁၉၂၉ဝဝ နှင့် ၂ဝ၁ဝ-၁၁ တွင်တန်ချိန် ၁.၄၆ သိန်း ရှိကြောင်း သိရပါသည်။
ပဲစဉ်းငုံ
ပဲစဉ်းငုံ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။
(က) သီးနှံအမည် - ပဲစဉ်းငုံ
(ခ) ဒေသအခေါ်အဝေါ် - ပဲစဉ်းငုံ၊ ပဲစဉ်းခုံ၊ ပဲရင်ချောင်
(ဂ) အင်္ဂလိပ်အမည် - TOOR WHOLE, PIGEON PEA, CONGO PEA, NOEYE PEA
(ဃ) အိန္ဒိယအမည် - ARHAR
(င) ရုက္ခဗေဒအမည် - CAJANUS INDICUS SPRENG, CANJA

CAJAN LINN
ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း
ပဲစဉ်းငုံပုံသဏ္ဍာန်မှာ အလုံးအဝိုင်းဖြစ်ပါသည်။ အရွယ်အစားအားဖြင့် လုံးကြီး၊ လုံးလတ်၊ လုံးသေး ဟူ၍ရှိပြီး မတ်ပဲထက်အလုံးကြီးပါသည်။ အရွယ်အစားအားဖြင့် ၅ မီလီမီတာမှ ၆ မီလီမီတာ ခန့်ထိရှိပါသည်။ ပဲစဉ်းငုံအလုံး၏အဆင်းမှာ အဖြူ၊ အနီရောင်များနှင့် အကျားရောင်များလည်းရှိပါသည်။ အဖြူမျိုးမှာ သိပ္ပံနှင့်ငါးဆံမျိုး၊ အဝါရောင်နှင့် အနီရောင်မျိုးမှာ ရွှေဒင်္ဂါးမျိုးဟူ၍ရှိပါသည်။ ပဲစဉ်းငုံတွင် အပေါ်ယံအခွံ၌ အရောင်အမျိုးမျိုးရှိလင့်ကစား ယင်းပဲစဉ်းငုံများကို ခွဲခြမ်းလိုက်လျှင် အတွင်းခွံမှာ ဝါကျင့်ကျင့်အရောင်ရှိနေပြီး ပဲဆံအရောင်မှာ အဖြူရောင် တစ်ညီတည်း ရှိကြောင်း တွေ့ရှိရပါသည်။
အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား
ပဲစဉ်းငုံအသီး၏ ပုံသဏ္ဍာန်မှာ အတောင့်ရှည်၍ ခပ်ပြားပြားရှိပြီး ပဲသီးတစ်တောင့်လျှင် ပဲစေ့ (၄) စေ့ခန့်ရှိတတ်ပါသည်။ ပဲသီးအရွယ်မှာ အလျား ၁.၅ လက်မမှ ၂ လက်မခန့်နှင့် အနံ ၁ လက်မမှ ၁.၃ဝ လက်မခန့်သာရှိပါသည်။ ပဲသီးတောင့်၏အရောင်အဆင်းမှာ အသီးနုချိန်တွင်အစီမ်းရောင်ဖြစ်ပြီး ရင့်မှည့်ချိန်တွင် အညိုဖျော့ရောင်သို့ ပြောင်းလဲသွားတတ်ပါသည်။ ပဲစဉ်းငုံတစ်ပင်လျှင် သီးတောင့် (၂၅ဝ) မှ (၃ဝဝ) ခန့်ထိ ရှိပါသည်။
ပဲစဉ်းငုံတွင်ပါဝင်သော အဟာရဓါတ်များ
ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၏ ပဲစဉ်းငုံစိုက်ပျိုးနည်းတွင် ဓါတုပစ္စည်းပါဝင်မှုကို အောက်ပါ အတိုင်းလေ့လာဖေါ်ပြထားသည်ကို တွေ့ရပါသည်။
(၁) ရေငွေ့ဓါတ် ၁ဝ.ဝ %
(၂) အသားဓါတ် ၁၉.၂ %
(၃) အဆီဓါတ် ၁.၅ %
(၄) ကစီဓါတ် ၅၇.၃ %
(၅) အမျှင်ဓါတ် ၈.၁ %
(၆) ပြာဓါတ် ၃.၈ %
ပဲစဉ်းငုံ၏မူရင်းဒေသ (ORIGIN)
ပဲစဉ်းငုံ၏ မူရင်းဒေသမှာ အာရှတိုက်တောင်ပိုင်းမှ ဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့ပဲစဉ်းငုံထုတ်လုပ်မူ၏ ၉၂ %မှာ အိန္ဒိယနိုင်ငံဖြစ်ကြောင်းသိရပါသည်။ ၁၆ ရာစုတွင် ကမ္ဘာသစ်ခေါ်အမေရိကတိုက်သို့ ပဲမျိုး ရောက်ရှိခဲ့ကြောင်း၊ ပပိဖိတ်ဒေသသို့ ၁၈ ရာစုတွင်ရောက်ရှိကြောင်း။ အထူးသဖြင့် လတ္တီတွဒ် တောင်/မြောက် ၃ဝ အကြားတွင် စိုက်ပျိုးကြကြောင်း ကိုလံဘတ်သည် ကမ္ဘာသစ်သို့ ပဲစဉ်းငုံမျိုးကို ယူခဲ့ ဟန်ရှိကြောင်း၊ ဖိလစ်ပိုင်သို့ ၁၇၇၂ ခုနှစ်တွင် ပဲစဉ်းငုံမျိုးရောက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ မည်သည့် အချိန်တွင် မျိုးရောက်ရှိသည်ကို မသိရသေးဟုဆိုပါသည်။
စိုက်ပျိုးဒေသပျံနှံ့ခြင်း (DISTRIBUTION)
အိန္ဒိယနိုင်ငံသည် အများဆုံးစိုက်ပျိုးပြီး မြန်မာက ဧရိယာဒုတိယအများဆုံး စိုက်ပျိုးသည်ဟု သိရှိရပါသည်။ သို့ရာတွင်အထွက်နှုန်းမှာ အနည်းဆုံးရှိနေကြောင်း သိရပါသည်။ ပဲစဉ်းငုံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အများအပြားစိုက်ပျိုးကြောင်း၊ ပဲခူး၊ ကချင်၊ ချင်း၊ ရှမ်းတို့တွင် အနည်းငယ်စီ စိုက်ပျိုးကြောင်း၊ မိုးများသည့်ဒေသများတွင် စိုက်ပျိုးမှုနည်းပါးကြောင်း သိရပါသည်။
စိုက်ပျိုးထုတ်လုပ်သည့်ဒေသ
ပဲစဉ်းငုံကို မြန်မာပြည်ရှိ ပြည်နယ်/တိုင်း (၆) ခုခန့်တွင် စိုက်ပျိုးကြပြီး အများအပြား စိုက်ပျိုး သည့်ဒေသများမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ဖြစ်ပါသည်။ စိုက်ပျိုးသည့်တိုင်းများ အနက် မန္တလေးတိုင်းအတွင်းရှိ မိတ္တိလာ၊ မလှိုင်မြို့နယ်များတွင် အထူးအထွက်တိုး အဖြစ်စိုက်ပျိုး ထုတ်လုပ်ပါသည်။
ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ
ပဲစဉ်းငုံသည် မိုးရေချိန်လက်မ (၂၅) မှ (၃ဝ) ခန့်အထိ ရွာသွန်းသော အရပ်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး မိုးရေချိန်လက်မ (၄ဝ) ခန့်အထိရွာသွန်းပါက ပိုမိုဖြစ်ထွန်းပါသည်။ အပူပိုင်းဒေသ၊ မိုးနည်းရပ်ဝန်းဒေသများတွင် အများအပြားစိုက်ပျိုးကြသည်မှာ အတန်အသင့် မိုးခေါင်သောဒဏ်ကို ခံနိုင်စွမ်းရှိသည့် သီးနှံဖြစ်ပါသည်။ အထူးသဖြင့်မိုးဦးအချိန်အခါတွင် မိုးရေချိန် လုံလောက်စွာ ရရှိ၍ မြေအစို ဓါတ်အထိုက်လျောက် ထိမ်းသိမ်းနိုင်သည့် အသီးများ ဖြစ်ထွန်း ချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် နောက်မိုးရရှိခြင်း၊ မိုးနှင်းများရရှိပါက အပင်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပဲစဉ်းငုံ၏ သဘာဝမှာ ပဲသီးများ စတင်သီးချိန်မှစ၍ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကို မကြိုက်ပါ။
ပုံမှန်စိုက်ပျိုးသည့်ကာလမှာ မိုးဦးကျဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် စိုက်ပျိုးပါသည်။ ပဲစဉ်းငုံစိုက်ပျိုးရာ၌ တစ်ပင်နှင့်တစ်ပင် သုံးပေလေးပေခန့်ခွာ၍ စိုက်ပျိုးကြပါသည်။ အထူးအထွက်တိုး စိုက်ပျိုး ရာတွင် စိုက်တန်းအကွာအဝေးဖြင့် သီးနှံ ၉ ပေ x ၁ ပေ၊ သီးသန့်သီးနှံ ၂.၅ ပေ x ၂ ပေခန့် အတန်းခွာ၍ စိုက်ပျိုးကြပါသည်။ တစ်ကျင်းလျှင်ချန်ရန် အပင် တစ်ပင်ကျ ဖြစ် သည်။ မြေကောင်းလျှင် အပင်တန်း တစ်ခုနှင့် တစ်ခု ၅ ပေ၊ ၆ ပေခန့် ကွာခြားပြီးစိုက်ကြပါသည်။ ပဲစဉ်းငုံသီးနှံကို မိုးနှမ်း (နှမ်းလျင်)၊ မြေပဲများဖြင့် သီးညှပ်စိုက်ပျိုးကြပြီး ယင်းနှမ်းနှင့် မြေပဲပင် တို့မှာ ၃-၄ လခန့်ကြာလျှင် နုတ်သိမ်းရိတ်သိမ်းကြသဖြင့် ပဲစဉ်းငုံပင်တို့သာ ကျန်ရစ်ခဲ့ပါသည်။
ပဲစဉ်းငုံပင်ကို အထက်မြန်မာနိုင်ငံတွင် စတင်စိုက်ပျိုးသည့်အချိန်မှ (၇) လ (၈) လ ခန့်အကြာ တွင်ရိတ်သိမ်းကြပါသည်။


စိုက်ပျိုးထုတ်လုပ်သောမျိုးစေ့နှင့် နည်းစနစ်ကိုအခြေပြု၍ ရိုးရိုးစိုက် သက်ကြီးမျိုးပဲစဉ်းငုံကို ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ မျိုးသန့် သုတေသနအဖြစ် စိုက်ပျိုးသောပဲစဉ်းငုံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်းလေ့ ရှိပါသည်။
စားသုံးနည်းများ
ပဲစဉ်းငုံကို အများအားဖြင့် အခြမ်းခွဲ၍ ဟင်းချိုချက်၍ စားသုံးလေ့ရှိပါသည်။ အချို့ဒေသများတွင် မရင့်မှည့်မီ အသီးအစိုများကို ဆွတ်ခူး၍ ပြုတ်စားလေ့ရှိပါသည်။ ဆန်မလုံလောက်သော ဒေသများတွင် ပဲစဉ်းငုံများကို ဆန်ဖြင့်ရော၍ ပဲထမင်းအဖြစ် ချက်ပြုတ်စားသုံးလေ့ရှိပါသည်။ ပဲစဉ်းငုံမှာ ဆိမ့်ချိုသော အရသာရှိ၍ ချက်ပြုတ်စားသောက်ရာတွင် ဥပဒ်အန္တရာယ်မဖြစ်စေနိုင်ဘဲ ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုသဖြင့် ကျေးလက်ဒေသများတွင်စားသုံးလေ့ရှိကြပါသည်။ အထူးသဖြင့် ပဲစဉ်းငုံကို အိန္ဒိယလူမျိုးများက ကြိုက်နှစ်သက်မှု အထူးရှိပါသည်။ တောင်သူများအနေဖြင့် ပဲစဉ်းငုံကို ပဲလုံးကြော်၊ ပဲပြုတ်၊ ပဲခြမ်းကြော်နှင့် ပဲပင်ပေါက်အဖြစ် ပြုလုပ်စားသုံးလေ့မရှိကြပါ။ ပဲကြာဇံလည်း ပြုလုပ် သုံးဆောင်ကြပါသည်။

Credit to=aunglan farmer

Monday, September 8, 2014

မရန်းစိုက်ပျိုးနည်း

#မရန်းစိုက်ပျိုးနည်း

 မြန်မာအမည်-မရန်း
အင်္ဂလိပ်အမည်-Marian Tree
ရုက္ခဗေဒအမည်-Bouea burmanica
မျိုးရင်းအမည်-Anacardiaceae

မရန်းမျိုးများ

 မရန်းသီးကိုအရသာအလိုက်၁။အချိုမျိုး ၂။အချဉ်မျိုးဟူ၍နှစ်မျိုးခွဲထားပါသည်။

 #စိုက်ပျိုးသည့်ဒေသ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

 #ရေမြေရာသီဥတု
 မြေစေးဆန်သောနုန်းမြေ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့ကိုနှစ်သက်သည်။ သင့်တော်သောမိုးရေချိန်မှာ(၅၀ မှ ၁၅၀)လက်မဖြစ်သည်။

 #ပျိုးထောင်နည်း
 မရန်းသီးမျိုးကောင်းကိုရွေးကာ သီးမှည့်၏အခွံကိုသင်ပစ်ပြီး အသားမဖယ်ဘဲ ပြာလူးကာ အရပ်အောက်တွင်သုံးရက်ခန့်ဖြန့်ပြီးပျိုးထောင်ရပါသည်။ ပျိုးသက်တစ်နှစ်ကျော်မှစိုက်လေ့ရှိသည်။ စိုက်ကျင်းနှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး(၃၀×၃၀)ပေစိုက်စနစ် တစ်ဧကလျှင်သီးသန့်စိုက်ပါက၄၈ပင်နှုန်းထားလေ့ရှိသည်။

 #မြေသြဇာကျွေးနည်း
 ကြီးထွားမှုနှေးသောအပင်မျိုးဖြစ်ကာ အပင်ငယ်တစ်ပင်လျှင်နွားချေးတစ်တင်းနှုန်း အပင်ကြီးလျှင်သုံးတင်းနှုန်းထည့်ပေးသင့်ပါသည်။ ဝင်ငွေနှင့်တွက်၍စီးပွားရေးတွက်ခြေကိုက်မည်ဆိုပါက ယူရီးယား၊တီစူပါ၊ပိုတက်ရှ်(၁:၂:၁)ရောကာ အင်ငယ်တွင်တစ်ပေါင်နှုန်း အပင်ကြီးလျှင်နှစ်ပေါင်နှုန်းထည့်ပေးသင့်ပါသည်။

 #အပင်ပြုစုနည်း 
ကိုင်းခြောက်ရှင်းပေးခြင်း၊သုံးနှစ်သားအပင်အထိ ရေသွင်းပေးခြင်း၊လောင်းရိပ်များရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါမည်။ မတ်လနှင့်ဇွန်လတွင်အသီးရင့်မှည့်တတ်သဖြင့် ဈေးကောင်းရစေရန်နှင့်အသီးစောစောရစေရန် ရေနှင့်မြေသြဇာကျွေးခြင်းကို မိုးပြတ်သောရာသီမှစ၍ဆောင်ရွက်ပေးရပါမည်။ #အထွက်နှုန်း စိုက်ပျိုးပြီးခုနှစ်နှစ်ကြာလျှင်အသီးစတင်ဆွတ်ခူးနိုင်ပြီး ရရှိနိုင်သောသီးထွက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။ အပင်ငယ်တစ်ပင်မှအလုံးရေ(၅၀၀၀မှ၇၀၀၀)အထိ အပင်ကြီးတစ်ပင်မှအလုံးရေ(၂၀၀၀၀မှ၃၀၀၀၀)အထိ ရနိုင်ပါသည်။



 #Source:သစ်သီးဝလံစိုက်ပျိုးနည်း""

တညင်းပင်စိုက်ပျိုးနည်း

#တညင်းပင်စိုက်ပျိုးနည်း

 မြန်မာအမည်-တညင်း
အင်္ဂလိပ်အမည်-Djenkol Bean
 ရုက္ခဗေဒအမည်-Pithe cellobium labatum
 မျိုးရင်းအမည်-Mimosaceae

 #တညင်းမျိုးများ
 အသီးအရွယ်အစားကိုလိုက်၍ ၁။တညင်းကြီး ၂။စာကလေးတညင်းဟူ၍လည်းကောင်း ဒေသကိုလိုက်၍ ၁။မြေပြန့်တညင်း (မြောင်းမြတညင်း၊ပေါင်တညင်း) ၂။တောင်ပေါ်တညင်း (ကျေးတောင်တညင်း၊မြစ်ကြီးနား၊နောင်ချိုတညင်း) ဟူ၍လည်းကောင်းခွဲခြားထားသည်။

 #စိုက်ပျိုးသည့်ဒေသများ
 ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်(နောင်ချို) မန္တလေးတိုင်း(ပြင်ဦးလွင်)တို့တွင်စိုက်ပျိုးသည်။

 #ရေမြေရာသီဥတု
 အောက်ခံဂဝံမြေနှင့်သဲနုန်းမြေတို့သည် တညင်းပင်အတွက်အသင့်တော်ဆုံးဖြစ်သည်။ ပူအိုက်စွတ်စိုသောရာသီဥတုနှင့် အပူအအေးကွာခြားမှုရှိသောရာသီဥတုကို နှစ်သက်သည်။ မိုးရေချိန်(၁၀၀-၂၀၀)လက်မအတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။

 #မြေပြုပြင်ခြင်း
 မြေကိုအထူးထွန်ယက်ရန်မလိုအပ်ပေ။ စိုက်ကျင်းကို(၄)ပေပတ်လည်(သို့မဟုတ်) (၅)ပေပတ်လည်တူးကာကျင်းထဲသို့ အပေါ်ယံမြေ၊သဲ၊နွားချေးနှင့်သဘာဝမြေသြဇာတို့ကို ဆတူရော၍ဖို့ပေးရပါမည်။ #ပျိုးထောင်နည်း တညင်းသီးအရင့်များကို အရိပ်အောက်တွင် တစ်လခန့်ဖြန့်ခင်းထားပြီး သဲနှင့်နွားချေး-(၃:၁)ရောထားသောပျိုးဘောင်ကို ရေဝအောင်လောင်းပြီး တညင်းသီးများကိုစီရီချထားခြင်းဖြင့် အစို့ထွက်လာပါသည်။ အစို့ထွက်သည်အထိရေဝအောင်လောင်းပေးရပါမည်။ အချို့ကရေစပ်စပ်စိမ်ပြီးတညင်းဝက်ဖြစ်မှ ဘောင်ချစိုက်လေ့ရှိကြသည်။ 

#စိုက်ပျိုးနည်း
 တညင်းပင်သည်အထနှေးသောကြောင့် (၄-၅)နှစ်စောင့်ရခြင်း၊ရွက်အုပ်ထူလွန်းသဖြင့် အပင်ကြီးလာပါကကြားသီးနှံစိုက်ရန်ခက်သဖြင့် သီးညှပ်ဖြစ်စေ၊အရိပ်ပင်အဖြစ်ဖြစ်စေစိုက်လေ့ရှိပါသည်။ သီးသန့်စိုက်ရမည်ဆိုပါက(၃၀×၃၀)ပေထားပြီး နှစ်တိုပင်များဖြင့်ရောစိုက်က တစ်ဧက၄၈ပင်ထားသင့်ပါသည်။ #ဓာတ်မြေသြဇာကျွေးခြင်း သဘာဝမြေသြဇာကိုအနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင်သစ်ရွက်ဆွေးနှင့်နွားချေး တစ်ပင်လျှင်(၂)တင်းနှုန်း၊ အခြားသဘာဝဓာတ်မြေသြဇာတင်းဝက်ခန့် ထပ်ထည့်ပေးသင့်သည်။ အပင်ကြီးလာသည်နှင့်မြေသြဇာကို (၅-၁၀)ဆခန့်အထိတိုးပေးသင့်ပါသည်။ #အပင်ပြုစုနည်း တညင်းပင်၏ကိုင်းခြောက်၊ကိုင်းနား၊ကိုင်းညှပ်များကို ဖြတ်ပေးသင့်သော်လည်း သရက်ပင်ကဲ့သို့ကိုင်းဖျားတွင် အညွန့်နှင့်အတူအဖူးဖူးကာသီးလေ့ရှိသဖြင့် မလိုအပ်ဘဲခုတ်ထွင် ဖြတ်တောက်ခြင်းမပြုသင့်ပါ။ မိုးရာသီတွင်ပင်ခြေကိုရှင်းကာ နွေရာသီတွင်အစိုဓာတ်ရရန်မြက်ခြောက်များ အုပ်ပေးသင့်ပါသည်။ 

#အထွက်နှုန်း တညင်းသီးအပင်မှတစ်ပင်လျှင် အသီး( ၃၀၀၀ မှ ၅၀၀၀ )အထိသီးနိုင်ပါသည်။
Credit to -စိုက်​ပျိုး​ရေး

‎လိုက်ချီးပင်စိုက်ပျိုးနည်း

#‎လိုက်ချီးပင်စိုက်ပျိုးနည်း

 မြန်မာအမည်-လိုက်ချီး,​လေချူသီး
အင်္ဂလိပ်အမည်-Litchi (or)Lychee
ရုက္ခဗေဒအမည်-Litchi chinensis
 မျိုးရင်းအမည်-Sapindaceae

 #‎မူရင်းဒေသ
 လိုက်ချီး၏မူလပေါက်ရောက်ရာဒေသမှာ တရုတ်ပြည်ဖြစ်ပါသည်။

 #‎စိုက်ပျိုးသည့်ဒေသ
 ဗန်းမော်မြို့နယ်၊မြစ်ကြီးနားမြို့နယ်၊စစ်ကိုင်းမြို့နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင်စိုက်ပျိုးလျှက်ရှိပါသည်။

 #‎ရေမြေရာသီဥတု
 မြေသြဇာကောင်းသည့်မြေပွ၊သဲနုန်းမြေကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင်စိုက်ပျိုးလျှက်ရှိပါသည်။

 #‎မြေပြုပြင်နည်း လိုက်ချီးပင်များကိုရေအလွယ်တကူရနိုင်သည့် မြစ်ချောင်းကမ်းဘေးများတွင်စိုက်ပျိုးသင့်သည်။ မတ်လ၊ဧပြီလများတွင်ပေါင်းမြက်ရှင်းလင်း၍ တစ်ပင်နှင့်တစ်ပင်(၂၅)ပေအကွာကျင်းများကို (၃)ပေပတ်လည်တူး၍ကျင်းအတွင်းသို့ သစ်ရွက်ဆွေးမြေနှင့်အပေါ်ယံမြေဆတူရော၍ ပြန်လည်ဖုံးထားပေးပါ။ တစ်ဧကတွင်(၆၉)ပင်လိုအပ်ပါသည်။

 #‎ပျိုးထောင်နည်း ၊မျိုးပွားနည်း
 လိုက်ချီးပင်များကို အစေ့မှပျိုးထောင်သောအပင်ကြီးများမှာအထနှေးသဖြင့် အသီးမြန်သည့်မြေထုပ်စည်းမျိုးပွားနည်း (Air -layering)ကိုအများဆုံးအသုံးပြုပါသည်။ မိုးဦးမေလ၊ဇွန်လများတွင် လက်မဝက်ခန့်လုံးပတ်ရှိသည့်ကိုင်းများကို ရွေးချယ်ပြီးမြေထုပ်စည်းကာ အမြစ်များကောင်းစွာထွက်လာပါက သြဂုတ်လအတွင်းအောက်ခြေမှဖြတ်၍ ပျိုးအိတ်များသို့ရွှေ့ ပြောင်းစိုက်ပျိုးရပါသည်။ ၎င်းပျိုးပင်များကို(၉)လအကြာ နောင်နှစ်မိုးဦးဇွန်လတွင် ထာဝရစိုက်ကွက်သို့ပြောင်းရွှေ့ စိုက်နိုင်ပါသည်။

 #‎စိုက်ပျိုးနည်း
 အသင့်ပြုလုပ်ထားသောစိုက်ကျင်းများသို့ လိုက်ချီးပျိုးပင်များကိုသယ်ဆောင်လာပြီး ပလတ်စတစ်အိတ်ကိုခွာပြီးမှစိုက်ကျင်းတွင်စိုက်ပျိုးပါ။ စိုက်ပျိုးပြီးလျှင်ရေလောင်းပေး၍ ပင်ခြေပတ်လည်မြေကျပ်စေရန်ဆောင်ရွက်ရမည်။

 #‎မြေသြဇာကျွေးနည်း
 လိုက်ချီးပင်တစ်ပင်လျှင်သဘာဝမြေသြဇာများဖြစ်သည့် နွားချေး၊သစ်ဆွေး၊မြေဆွေးတစ်တင်းနှုန်းထည့်ပေးပါ။ လိုက်ချီးသီးသည် ပိုတက်ရှ်မြေသြဇာအထူးလိုအပ်သည့်အတွက် စိုက်ကျင်းများတွင်(၃)အောင်စစီထည့်ကျွေးသင့်ပါသည်။ အပင်ကြီးများတွင် ယူရီးယားမြေသြဇာ(၆)အောင်စ တီစူပါမြေသြဇာ(၈)အောင်စနှင့် ပိုတက်ရှ်မြေသြဇာ(၆)အောင်စနှုန်းရောစပ်၍ ပင်ခြေမှ(၅)ပေအတွင်းညီညာစွာကျွေးပေးပါ။

 #‎အပင်ပြုစုနည်း
 လိုက်ချီးပင်ကလေးများကိုငယ်ရွယ်စဉ်အခါကစ၍ စနစ်တကျပြုပြင်ပေးရန်လိုပါသည်။ ပင်စည်အမြင့်သုံးပေထား၍၎င်းမှကိုင်းပွားပေးပါ။ အလယ်တွင်အလင်းရောင်ရရှိစေရန်ဆောင်ရွက်ပါ။ အပေါ်သို့ထိုးထွက်သွားသည့်ကိုင်းများကို ဆောင်းရာသီတွင်ဖြတ်ပေးပါ။ #‎ပိုးမွှားရောဂါများ လိုက်ချီးပင်များတွင်ပင့်ကူနီများနှင့်ချိတ်ပိုးများ ကျရောက်ဖျက်ဆီးတတ်သည့်အတွက် ထုံးကန့်ဆေးရည်ကိုပက်ဖျန်းပေးပါ။ လိုက်ချီးပင်များတွင်အရွက်ကိုင်းများ၌ ရွက်ပြောက်ရောဂါများကျရောက်သည်ကိုတွေ့ရသည်။ ၎င်းကိုကော့ပါးပါသောဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။ 

#‎အသီးဆွတ်ခူးခြင်းနှင့်သိုလှောင်ခြင်း
 လိုက်ချီးသီးများကိုအနီရောင်သမ်းလာသည့်အချိန်၌ အသီးများကိုအခိုင်လိုက်ဖြုတ်ယူပါ။ တစ်ခိုင်လျှင်အသီး(၁၀လုံးမှ၁၅လုံး)အထိရှိနိုင်ပါသည်။ အသီးများကိုသိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း၊အရောင်မည်းခြင်း၊ပုပ်ခြင်းများ ဖြစ်နိုင်သည်။ ထို့ကြောင့်တစ်နေရာမှတစ်နေရာသယ်ဆောင်ရာတွင် အင်ဖက်ကဲ့သို့ဖက်စိမ်း(သို့မဟုတ်)ရေငွေ့ထိန်းနိုင်သော ပလတ်စတစ်အိတ်များဖြင့်ထုပ်ပိုးထားသင့်ပါသည်။

 #‎Source :သစ်သီးဝလံစိုက်ပျိုးနည်ုး""

စပါးမှိုသီး‌ရောပါအ‌ကြောင်း

စပါးမှိုသီးရောဂါ ရောဂါလက္ခဏာ ပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်တိုက်ခိုက်ပြီး စပါးရင့်မှည့်စအချိန်တွင် ရောဂါလက္ခဏာတွေ့ရသည်။ စပါးစေ့နေရာတွင် ရောဂါ ဖြစ်စေသော မှို၏ စပိုးများစုဝေးဖြစ်ပေါ်နေသည့် မှိုသီးများအဖြစ် တွေ့ရသည်။ မှိုသီးများသည်အပြင်တွင် အစိမ်းရောင်ရှိပြီး အ တွင်းပိုင်း၌ အ၀ါရောင်မှ လိမ္မော်ရောင် ရှိနေသည်။ စပါးစေ့အရွယ် ထက် နှစ်ဆ သုံးဆခန့်ကြီးသည်။စပါးစေ့သည် ရောဂါဒဏ်ခံ ရပြီး ပျက်စီးသွားသည်။ များသောအားဖြင့် စပါးနှံတစ်ခုမှ စပါးစေ့တချို့သာ ကျရောက်ဖျက်ဆီးခံရသည်။ ရောဂါဖြစ်စေသော သက်ရှိ Ustilaginoidave virens ရောဂါသံသရာ ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၌ ကြေကျကျန်ရစ်ခဲ့ကာ စပါးပြန်စိုက်ပြီးနောက် အပွင့်ပွင့်ချိန်တိုင်အောင် ရှန်သန်လေ့ရှိ သည်။ ထိုအချိန်တွင် မှိုစပိုးများကို ရေ၊ လေ သယ်ဆောင်သွားခြင်းဖြင့်စပါးပွင့်များ ပေါ်သို့ရောက်ပြီး ရောဂါဖြစ်ပေါ်သည်။ ရောဂါ ရမျိုးစေ့များမှလည်း ကူးစက်သည်။

 ကာကွယ်နှိမ်နင်းနည်းများ
 ၁။ အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် မှိုသတ်ဆေး ဖြန်း/ဆေးဖြူးပြုလုပ်ခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်သည်။
 ၂။ ရောဂါကင်းသော စပါးခင်းမှရသည့် မျိုးစေ့များကိုစိုက်ပျိုးပါ။
 ၃။ ရောဂါဒဏ်ခံနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

 - ကျမ်းကိုး- သီးနှံပင် ရောဂါများ(စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)