Monday, September 8, 2014

မရန်းစိုက်ပျိုးနည်း

#မရန်းစိုက်ပျိုးနည်း

 မြန်မာအမည်-မရန်း
အင်္ဂလိပ်အမည်-Marian Tree
ရုက္ခဗေဒအမည်-Bouea burmanica
မျိုးရင်းအမည်-Anacardiaceae

မရန်းမျိုးများ

 မရန်းသီးကိုအရသာအလိုက်၁။အချိုမျိုး ၂။အချဉ်မျိုးဟူ၍နှစ်မျိုးခွဲထားပါသည်။

 #စိုက်ပျိုးသည့်ဒေသ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

 #ရေမြေရာသီဥတု
 မြေစေးဆန်သောနုန်းမြေ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့ကိုနှစ်သက်သည်။ သင့်တော်သောမိုးရေချိန်မှာ(၅၀ မှ ၁၅၀)လက်မဖြစ်သည်။

 #ပျိုးထောင်နည်း
 မရန်းသီးမျိုးကောင်းကိုရွေးကာ သီးမှည့်၏အခွံကိုသင်ပစ်ပြီး အသားမဖယ်ဘဲ ပြာလူးကာ အရပ်အောက်တွင်သုံးရက်ခန့်ဖြန့်ပြီးပျိုးထောင်ရပါသည်။ ပျိုးသက်တစ်နှစ်ကျော်မှစိုက်လေ့ရှိသည်။ စိုက်ကျင်းနှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး(၃၀×၃၀)ပေစိုက်စနစ် တစ်ဧကလျှင်သီးသန့်စိုက်ပါက၄၈ပင်နှုန်းထားလေ့ရှိသည်။

 #မြေသြဇာကျွေးနည်း
 ကြီးထွားမှုနှေးသောအပင်မျိုးဖြစ်ကာ အပင်ငယ်တစ်ပင်လျှင်နွားချေးတစ်တင်းနှုန်း အပင်ကြီးလျှင်သုံးတင်းနှုန်းထည့်ပေးသင့်ပါသည်။ ဝင်ငွေနှင့်တွက်၍စီးပွားရေးတွက်ခြေကိုက်မည်ဆိုပါက ယူရီးယား၊တီစူပါ၊ပိုတက်ရှ်(၁:၂:၁)ရောကာ အင်ငယ်တွင်တစ်ပေါင်နှုန်း အပင်ကြီးလျှင်နှစ်ပေါင်နှုန်းထည့်ပေးသင့်ပါသည်။

 #အပင်ပြုစုနည်း 
ကိုင်းခြောက်ရှင်းပေးခြင်း၊သုံးနှစ်သားအပင်အထိ ရေသွင်းပေးခြင်း၊လောင်းရိပ်များရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါမည်။ မတ်လနှင့်ဇွန်လတွင်အသီးရင့်မှည့်တတ်သဖြင့် ဈေးကောင်းရစေရန်နှင့်အသီးစောစောရစေရန် ရေနှင့်မြေသြဇာကျွေးခြင်းကို မိုးပြတ်သောရာသီမှစ၍ဆောင်ရွက်ပေးရပါမည်။ #အထွက်နှုန်း စိုက်ပျိုးပြီးခုနှစ်နှစ်ကြာလျှင်အသီးစတင်ဆွတ်ခူးနိုင်ပြီး ရရှိနိုင်သောသီးထွက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။ အပင်ငယ်တစ်ပင်မှအလုံးရေ(၅၀၀၀မှ၇၀၀၀)အထိ အပင်ကြီးတစ်ပင်မှအလုံးရေ(၂၀၀၀၀မှ၃၀၀၀၀)အထိ ရနိုင်ပါသည်။



 #Source:သစ်သီးဝလံစိုက်ပျိုးနည်း""

တညင်းပင်စိုက်ပျိုးနည်း

#တညင်းပင်စိုက်ပျိုးနည်း

 မြန်မာအမည်-တညင်း
အင်္ဂလိပ်အမည်-Djenkol Bean
 ရုက္ခဗေဒအမည်-Pithe cellobium labatum
 မျိုးရင်းအမည်-Mimosaceae

 #တညင်းမျိုးများ
 အသီးအရွယ်အစားကိုလိုက်၍ ၁။တညင်းကြီး ၂။စာကလေးတညင်းဟူ၍လည်းကောင်း ဒေသကိုလိုက်၍ ၁။မြေပြန့်တညင်း (မြောင်းမြတညင်း၊ပေါင်တညင်း) ၂။တောင်ပေါ်တညင်း (ကျေးတောင်တညင်း၊မြစ်ကြီးနား၊နောင်ချိုတညင်း) ဟူ၍လည်းကောင်းခွဲခြားထားသည်။

 #စိုက်ပျိုးသည့်ဒေသများ
 ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်(နောင်ချို) မန္တလေးတိုင်း(ပြင်ဦးလွင်)တို့တွင်စိုက်ပျိုးသည်။

 #ရေမြေရာသီဥတု
 အောက်ခံဂဝံမြေနှင့်သဲနုန်းမြေတို့သည် တညင်းပင်အတွက်အသင့်တော်ဆုံးဖြစ်သည်။ ပူအိုက်စွတ်စိုသောရာသီဥတုနှင့် အပူအအေးကွာခြားမှုရှိသောရာသီဥတုကို နှစ်သက်သည်။ မိုးရေချိန်(၁၀၀-၂၀၀)လက်မအတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။

 #မြေပြုပြင်ခြင်း
 မြေကိုအထူးထွန်ယက်ရန်မလိုအပ်ပေ။ စိုက်ကျင်းကို(၄)ပေပတ်လည်(သို့မဟုတ်) (၅)ပေပတ်လည်တူးကာကျင်းထဲသို့ အပေါ်ယံမြေ၊သဲ၊နွားချေးနှင့်သဘာဝမြေသြဇာတို့ကို ဆတူရော၍ဖို့ပေးရပါမည်။ #ပျိုးထောင်နည်း တညင်းသီးအရင့်များကို အရိပ်အောက်တွင် တစ်လခန့်ဖြန့်ခင်းထားပြီး သဲနှင့်နွားချေး-(၃:၁)ရောထားသောပျိုးဘောင်ကို ရေဝအောင်လောင်းပြီး တညင်းသီးများကိုစီရီချထားခြင်းဖြင့် အစို့ထွက်လာပါသည်။ အစို့ထွက်သည်အထိရေဝအောင်လောင်းပေးရပါမည်။ အချို့ကရေစပ်စပ်စိမ်ပြီးတညင်းဝက်ဖြစ်မှ ဘောင်ချစိုက်လေ့ရှိကြသည်။ 

#စိုက်ပျိုးနည်း
 တညင်းပင်သည်အထနှေးသောကြောင့် (၄-၅)နှစ်စောင့်ရခြင်း၊ရွက်အုပ်ထူလွန်းသဖြင့် အပင်ကြီးလာပါကကြားသီးနှံစိုက်ရန်ခက်သဖြင့် သီးညှပ်ဖြစ်စေ၊အရိပ်ပင်အဖြစ်ဖြစ်စေစိုက်လေ့ရှိပါသည်။ သီးသန့်စိုက်ရမည်ဆိုပါက(၃၀×၃၀)ပေထားပြီး နှစ်တိုပင်များဖြင့်ရောစိုက်က တစ်ဧက၄၈ပင်ထားသင့်ပါသည်။ #ဓာတ်မြေသြဇာကျွေးခြင်း သဘာဝမြေသြဇာကိုအနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင်သစ်ရွက်ဆွေးနှင့်နွားချေး တစ်ပင်လျှင်(၂)တင်းနှုန်း၊ အခြားသဘာဝဓာတ်မြေသြဇာတင်းဝက်ခန့် ထပ်ထည့်ပေးသင့်သည်။ အပင်ကြီးလာသည်နှင့်မြေသြဇာကို (၅-၁၀)ဆခန့်အထိတိုးပေးသင့်ပါသည်။ #အပင်ပြုစုနည်း တညင်းပင်၏ကိုင်းခြောက်၊ကိုင်းနား၊ကိုင်းညှပ်များကို ဖြတ်ပေးသင့်သော်လည်း သရက်ပင်ကဲ့သို့ကိုင်းဖျားတွင် အညွန့်နှင့်အတူအဖူးဖူးကာသီးလေ့ရှိသဖြင့် မလိုအပ်ဘဲခုတ်ထွင် ဖြတ်တောက်ခြင်းမပြုသင့်ပါ။ မိုးရာသီတွင်ပင်ခြေကိုရှင်းကာ နွေရာသီတွင်အစိုဓာတ်ရရန်မြက်ခြောက်များ အုပ်ပေးသင့်ပါသည်။ 

#အထွက်နှုန်း တညင်းသီးအပင်မှတစ်ပင်လျှင် အသီး( ၃၀၀၀ မှ ၅၀၀၀ )အထိသီးနိုင်ပါသည်။
Credit to -စိုက်​ပျိုး​ရေး

‎လိုက်ချီးပင်စိုက်ပျိုးနည်း

#‎လိုက်ချီးပင်စိုက်ပျိုးနည်း

 မြန်မာအမည်-လိုက်ချီး,​လေချူသီး
အင်္ဂလိပ်အမည်-Litchi (or)Lychee
ရုက္ခဗေဒအမည်-Litchi chinensis
 မျိုးရင်းအမည်-Sapindaceae

 #‎မူရင်းဒေသ
 လိုက်ချီး၏မူလပေါက်ရောက်ရာဒေသမှာ တရုတ်ပြည်ဖြစ်ပါသည်။

 #‎စိုက်ပျိုးသည့်ဒေသ
 ဗန်းမော်မြို့နယ်၊မြစ်ကြီးနားမြို့နယ်၊စစ်ကိုင်းမြို့နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင်စိုက်ပျိုးလျှက်ရှိပါသည်။

 #‎ရေမြေရာသီဥတု
 မြေသြဇာကောင်းသည့်မြေပွ၊သဲနုန်းမြေကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင်စိုက်ပျိုးလျှက်ရှိပါသည်။

 #‎မြေပြုပြင်နည်း လိုက်ချီးပင်များကိုရေအလွယ်တကူရနိုင်သည့် မြစ်ချောင်းကမ်းဘေးများတွင်စိုက်ပျိုးသင့်သည်။ မတ်လ၊ဧပြီလများတွင်ပေါင်းမြက်ရှင်းလင်း၍ တစ်ပင်နှင့်တစ်ပင်(၂၅)ပေအကွာကျင်းများကို (၃)ပေပတ်လည်တူး၍ကျင်းအတွင်းသို့ သစ်ရွက်ဆွေးမြေနှင့်အပေါ်ယံမြေဆတူရော၍ ပြန်လည်ဖုံးထားပေးပါ။ တစ်ဧကတွင်(၆၉)ပင်လိုအပ်ပါသည်။

 #‎ပျိုးထောင်နည်း ၊မျိုးပွားနည်း
 လိုက်ချီးပင်များကို အစေ့မှပျိုးထောင်သောအပင်ကြီးများမှာအထနှေးသဖြင့် အသီးမြန်သည့်မြေထုပ်စည်းမျိုးပွားနည်း (Air -layering)ကိုအများဆုံးအသုံးပြုပါသည်။ မိုးဦးမေလ၊ဇွန်လများတွင် လက်မဝက်ခန့်လုံးပတ်ရှိသည့်ကိုင်းများကို ရွေးချယ်ပြီးမြေထုပ်စည်းကာ အမြစ်များကောင်းစွာထွက်လာပါက သြဂုတ်လအတွင်းအောက်ခြေမှဖြတ်၍ ပျိုးအိတ်များသို့ရွှေ့ ပြောင်းစိုက်ပျိုးရပါသည်။ ၎င်းပျိုးပင်များကို(၉)လအကြာ နောင်နှစ်မိုးဦးဇွန်လတွင် ထာဝရစိုက်ကွက်သို့ပြောင်းရွှေ့ စိုက်နိုင်ပါသည်။

 #‎စိုက်ပျိုးနည်း
 အသင့်ပြုလုပ်ထားသောစိုက်ကျင်းများသို့ လိုက်ချီးပျိုးပင်များကိုသယ်ဆောင်လာပြီး ပလတ်စတစ်အိတ်ကိုခွာပြီးမှစိုက်ကျင်းတွင်စိုက်ပျိုးပါ။ စိုက်ပျိုးပြီးလျှင်ရေလောင်းပေး၍ ပင်ခြေပတ်လည်မြေကျပ်စေရန်ဆောင်ရွက်ရမည်။

 #‎မြေသြဇာကျွေးနည်း
 လိုက်ချီးပင်တစ်ပင်လျှင်သဘာဝမြေသြဇာများဖြစ်သည့် နွားချေး၊သစ်ဆွေး၊မြေဆွေးတစ်တင်းနှုန်းထည့်ပေးပါ။ လိုက်ချီးသီးသည် ပိုတက်ရှ်မြေသြဇာအထူးလိုအပ်သည့်အတွက် စိုက်ကျင်းများတွင်(၃)အောင်စစီထည့်ကျွေးသင့်ပါသည်။ အပင်ကြီးများတွင် ယူရီးယားမြေသြဇာ(၆)အောင်စ တီစူပါမြေသြဇာ(၈)အောင်စနှင့် ပိုတက်ရှ်မြေသြဇာ(၆)အောင်စနှုန်းရောစပ်၍ ပင်ခြေမှ(၅)ပေအတွင်းညီညာစွာကျွေးပေးပါ။

 #‎အပင်ပြုစုနည်း
 လိုက်ချီးပင်ကလေးများကိုငယ်ရွယ်စဉ်အခါကစ၍ စနစ်တကျပြုပြင်ပေးရန်လိုပါသည်။ ပင်စည်အမြင့်သုံးပေထား၍၎င်းမှကိုင်းပွားပေးပါ။ အလယ်တွင်အလင်းရောင်ရရှိစေရန်ဆောင်ရွက်ပါ။ အပေါ်သို့ထိုးထွက်သွားသည့်ကိုင်းများကို ဆောင်းရာသီတွင်ဖြတ်ပေးပါ။ #‎ပိုးမွှားရောဂါများ လိုက်ချီးပင်များတွင်ပင့်ကူနီများနှင့်ချိတ်ပိုးများ ကျရောက်ဖျက်ဆီးတတ်သည့်အတွက် ထုံးကန့်ဆေးရည်ကိုပက်ဖျန်းပေးပါ။ လိုက်ချီးပင်များတွင်အရွက်ကိုင်းများ၌ ရွက်ပြောက်ရောဂါများကျရောက်သည်ကိုတွေ့ရသည်။ ၎င်းကိုကော့ပါးပါသောဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။ 

#‎အသီးဆွတ်ခူးခြင်းနှင့်သိုလှောင်ခြင်း
 လိုက်ချီးသီးများကိုအနီရောင်သမ်းလာသည့်အချိန်၌ အသီးများကိုအခိုင်လိုက်ဖြုတ်ယူပါ။ တစ်ခိုင်လျှင်အသီး(၁၀လုံးမှ၁၅လုံး)အထိရှိနိုင်ပါသည်။ အသီးများကိုသိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း၊အရောင်မည်းခြင်း၊ပုပ်ခြင်းများ ဖြစ်နိုင်သည်။ ထို့ကြောင့်တစ်နေရာမှတစ်နေရာသယ်ဆောင်ရာတွင် အင်ဖက်ကဲ့သို့ဖက်စိမ်း(သို့မဟုတ်)ရေငွေ့ထိန်းနိုင်သော ပလတ်စတစ်အိတ်များဖြင့်ထုပ်ပိုးထားသင့်ပါသည်။

 #‎Source :သစ်သီးဝလံစိုက်ပျိုးနည်ုး""

စပါးမှိုသီး‌ရောပါအ‌ကြောင်း

စပါးမှိုသီးရောဂါ ရောဂါလက္ခဏာ ပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်တိုက်ခိုက်ပြီး စပါးရင့်မှည့်စအချိန်တွင် ရောဂါလက္ခဏာတွေ့ရသည်။ စပါးစေ့နေရာတွင် ရောဂါ ဖြစ်စေသော မှို၏ စပိုးများစုဝေးဖြစ်ပေါ်နေသည့် မှိုသီးများအဖြစ် တွေ့ရသည်။ မှိုသီးများသည်အပြင်တွင် အစိမ်းရောင်ရှိပြီး အ တွင်းပိုင်း၌ အ၀ါရောင်မှ လိမ္မော်ရောင် ရှိနေသည်။ စပါးစေ့အရွယ် ထက် နှစ်ဆ သုံးဆခန့်ကြီးသည်။စပါးစေ့သည် ရောဂါဒဏ်ခံ ရပြီး ပျက်စီးသွားသည်။ များသောအားဖြင့် စပါးနှံတစ်ခုမှ စပါးစေ့တချို့သာ ကျရောက်ဖျက်ဆီးခံရသည်။ ရောဂါဖြစ်စေသော သက်ရှိ Ustilaginoidave virens ရောဂါသံသရာ ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၌ ကြေကျကျန်ရစ်ခဲ့ကာ စပါးပြန်စိုက်ပြီးနောက် အပွင့်ပွင့်ချိန်တိုင်အောင် ရှန်သန်လေ့ရှိ သည်။ ထိုအချိန်တွင် မှိုစပိုးများကို ရေ၊ လေ သယ်ဆောင်သွားခြင်းဖြင့်စပါးပွင့်များ ပေါ်သို့ရောက်ပြီး ရောဂါဖြစ်ပေါ်သည်။ ရောဂါ ရမျိုးစေ့များမှလည်း ကူးစက်သည်။

 ကာကွယ်နှိမ်နင်းနည်းများ
 ၁။ အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် မှိုသတ်ဆေး ဖြန်း/ဆေးဖြူးပြုလုပ်ခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်သည်။
 ၂။ ရောဂါကင်းသော စပါးခင်းမှရသည့် မျိုးစေ့များကိုစိုက်ပျိုးပါ။
 ၃။ ရောဂါဒဏ်ခံနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

 - ကျမ်းကိုး- သီးနှံပင် ရောဂါများ(စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

နဂါး‌မောက်‌စိုက်‌ပျိုးခြင်း

နဂါးမောက်စိုက်ပျိုးခြင်း

     နဂါးမောက်သီးမှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ဈေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါ သည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိရာမျိုးစိန်အလိုက်မူရင်းေ ဒသကွဲပြားပါသည်။စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏မူ ရင်ဒေသမှာမက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။ ပူနွေးသော ရာသီဥတု ကိုကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များ တွင်ကောင်းစွာဖြစ် ထွန်းသည်။ အနိမ့်ဆုံးအပူချိန်( -၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိပါသည်။ မြေအမျိုးအစား နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။ရေစီးစိမ့်မှုကေင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။ အပင်အမျိုးအစား တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်ဝင်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိသည်။ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။ မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသောပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင် သမ်းသောအ၀ါရောင် ရှိသည်။ပွင့်ချပ် သည်နို့နှစ်ရောင်ဖြစ် သည်။အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အ၀ါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ ကော့ပြန်နေသောအဖတ်များ ရှိသည်။အတွင်းသား အရောင်အဖြူရောင် မျိုးနျင့်အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။အစေ့မှာအမဲရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည် အသွေး တို့ကွာခြားနိုင်သည်။သို့ဖြစ်၍ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင် ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။

စိုက်ပျိုးခြင်း
၁။ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့)အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့်လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။

 ၂။(၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅)ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan,Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေ၀ပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေးရန်လိုပါသည်။

 ၃။ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။ တစ်ကျင်းလျှင် ၂ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။

 ၄။မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီးတိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။

၅။ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင် ပါသည်။ သဘာဝမြေသြဇာရွက်ဖျန်းဆေးများ အသုံးပြုခြင်း စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေသြဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။

မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကိုအပင်ပတ်ပတ်လည်တွက် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်တက် လာမည်ဖြစ်သည်။
သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။ ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။(၅) နှစ်သားကျော်ပါကNPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း(၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။

ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း
နဂါးမောက်ပင်၏ အဓိကဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ် သည်။ အပင်၏ အဖျားပိုင်း အဖူးနုများနှင့်အသီးညှာ တို့တွင် ပုရွက်ဆိတ် များ စားသောက် ဖျက်ဆီး ပါသည်။ပင်စည်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများ ကိုမြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး အသုံးပြု ၍နှိမ်နင်းနိုင်ပါသည်။ပင်စည်ပေါ်ပိုင်း ဖျက်ဆီးသော ပုရွက်ဆိတ်နီ များကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ်ဆီဗင် (sevin) ပိုးသတ်ဆေးဖြင့်နှိမ်နင်းနိုင် ပါသည် ။ရောဂါ အနေဖြင့် ပင်စည်ပုပ်ရောဂါနှင့်အမြစ်ပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ ၀တ်မှုန်ကူးခြင်း ပင်တည်း ၀တ်မှုန်ကူးခြင်း ရှိသော်လည်း အသီးတင်နှုန်းများစေရန် ၀တ်မှုန်ကူးပေး ရမည်။

နဂါးမောက်သီး၏ပန်းပွင့်ချိန်မှာ ညပိုင်းမှာ ပွင့်သည့် အတွက်ကြောင့် ၀တ်မှုန်ကူးခြင်း ကို ညပိုင်းမှာပြုလုပ်ပေး ရသည်။မိုးများပါက၀တ်မှုန်ကူးခြင်း ကို အဟန့်အတားဖြစ်သည့် အတွက် ၀တ်မှုန်ကူးပြီး လျှင်ပန်းပွင့်ကို ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးထားသင့်သည်။ အသီးဆွတ်ခူးခြင်း လက်သန်းထိပ် အဆစ် အရွယ် အစိမ်းရောင်ရှိပွင့်ဖူး ကို ပင်စည် အဖျားပိုင်းတွင်တွေ့နိုင်သည်။ဧပြီလ၊ ဇူလိုင်လ အတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ် အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီး ဆွတ်ခူးနိုင်သည်။ အသီးရင့်ပြီးနောက် အပင်ပေါ်(၁၅) ရက်ခန့် ဆက်လက် ထားနိုင်သော်လည်းအသီးအရည်အသွေး (အနံ့အရသာ) လျော့သွားတတ်သည် ။မေလ မှအောက်တိုဘာ လ ကာလအတွင်း သီးထွက်ရရှိသည် ။နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ အသီးထွက်ချိန်ကွာခြားသည်။

အလေးထားစားသုံးသင့်သည့်သစ်သီးဖြစ်​ပြီး အာဟာရပြည့်ဝစေပြီး၊ ခွန်အားကို အမြန်ဆုံးပြန်လည်ပြည့်ဝစေခြင်း ၊ မောပန်းနွမ်းနယ်မှု ကို အမြန်ဆုံး သက်သာ၍ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ကို ချက်ချင်းပျောက်ကင်းစေပြီးဆီးချို၊သွေးချို၊ သွေးတိုး မတက်စေရန် အကူအညီပေးသည်။ ပန်းနာရင်ကြပ်သမားများ သက်သာပျောက်ကင်းစေသည် ။နှလုံးရောဂါများ သက်သာစေသည်။

မဖြစ်မနေစားသုံးသင့်သူများ

 * ကျန်းမာဖွံ့ဖြိုးပြိး အသားအရေ လှပနုပျိုလိုသူ * နာတာရှည်ရောဂါ ခံစားနေရသူ * လေးဘက်နာ ၊နှလုံးရောဂါ ခံစားနေရသူ * ဆီးချို၊ သွေးချို၊သွေးတိုးရောဂါ ခံစားနေရသူ * အစာအိမ်နှင့် ပက်သက်သည့် ရောဂါရှိသူ * ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူ * ဆီးချုပ်၊ ၀မ်းချုပ်တတ်သူ * ဦးနှောက် မဖွံ့ဖြိုးသည့်ရောဂါရှိသူ * လေကောင်းလေသန့် မရရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရသူ * စိတ်မောလူမောဖြစ်နေသူ * ကိုယ်အလေးချိန်လျော့ချချင်သူ * အားအင်ကုန်ခမ်းစိတ်ဓါတ်ကျနေသူ

 မြန်မာအမည် - နဂါးမောက်သီးပင်
 အင်္ဂလိပ်အမည်- DRAGON FRUIT
ရုက္ခဗေဒအမည်- Hylocerus sprecies
မျိုးရင်း -CACTACEAE

 အသီးတင်စေခြင်း နှင့်ပန်းပွင့်ခြင်း ပန်းပွင့်ရာသီရောက်သည်နှင့်နဂါးမောက်ကိုင်း၏ ဘေးစောင်းများတွင်း နီနီရဲရဲ အဖူးငုံလေးများ အစီအရီပေါ်လာတတ်သည်။ သက်တမ်းရင့်ကိုင်းတကိုင်းမှ အဖူးငုံ ၃ဖူးမှ ၅ဖူးကြားပေါ်လာတတ်ပြီး ထိုအဖူးများထဲမှ ၅၀~၇၀ % သည် ပန်းဖူးအဖြစ်သို့ရက်သတ္တပတ် ၂ပတ်ကြာလျှင် ရောက်ရှိသည်။ထိုမှ နောက်ထပ် ၁၅ရက် မှ ရက် ၂၀ ကြာသောအခါ ပန်းပွင့် ဘ၀သို့ ရောက်ရှိပါသည်။

ထို့ကြောင့် အဖူးငုံဘ၀မှ ပန်းပွင့်ချိန်အထိ ပျမ်းမျှ ၂၅~ ၃၅ ရက် ကြာမြင့်ပါသည်။ ပုံမှန်အားဖြင့်ပန်းပွင့်များသည် ညနေ ၆နာရီမှ ၇နာရီကြားတွင် စတင်ပွင့်ကြပြီး ပန်းပွင့်အားလုံးအပွင့်အာဆုံး အနေအထားမှာည ၁၀နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။ထို့နောက်ပန်းပွင့်အတွင်း ၀တ်မှုန်ကူးခြင်း ကိစ္စပြီးဆုံးသည့်နောက်တွင် ပန်းပွင့်မှာပြန်ငုံသွားပြီး တဖြည်းဖြည်းညှိုးသွားသည်။ဝတ်မှုန်ကူးရန်ကျန်ရှိနေသေးသော ပန်းပွင့်တို့မှာမူ၁ရက်မှ ၂ရက်အထိအပွင့်အတိုင်းရှိနေတတ်သည်။ ၀တ်မှုန်ကူးရန်အကူအညီပေးသူများမှာလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ လိပ်ပြာတို့ဖြစ်သည်။

သို့သော်နဂါးမောက်ပန်းပွင့်သည် ညဘက်မှာသာ ပွင့်လေ့ရှိသောကြောင့် လင်းနို့ နှင့်ညဘက်ကျင်လည်လေ့ရှိသော ဖလံ များသည်သာ အဓိက၀တ်မှုန်ကူးသူများဟု လေ့လာတွေ့ရှိရသည်။ သို့သော် အသီးသီးချိန်တွင်မူအသီးများကို လင်းနို့များက ဖျက်ဆီးစားသောက် လေ့ရှိကြသည်။ ခြံသစ်စတည်ခါစအခြေအနေမျိုးတွင် ၀တ်မှုန်ကူးပေးသူတို့ မပေါများနိုင်ပေ။ ထိုအချိန်တွင် အသီးတင်နှုန်း နည်းပါတတ်သည်။ ထို့ပြင် စိုက်သက် ၁နှစ်သားဝန်ကျင် အပင်ငယ်ချိန်တွင်လည်း အသီးတင်နှုန်းနည်းပါးလေ့ရှိသည်မှာ ထုံးစံပင်ဖြစ်သည်။

 တချို့သော စိုက်ပျိုးသူများသည် ပထမနှစ်ကိုအသီးမယူစေဘဲအပွင့်များ ခြွေပစ်လေ့ရှိသည်။ထို့ပြင် နောက်နှစ်သီးသောအသီးမျာတွင်လည်း သိမ်သော သေးသော အသီးများကို ခြွေပစ်ခြင်းဖြင့် ထွားကြိုင်းသော ကျန်ရှိအသီးများကို ရရှိကြသည်။ လေ့လာတွေ့ရှိချက်များအရအာရှတိုက်မှ Hylocereus undatus အသီးခွံ အနီရောင် ရှိပြီး အတွင်းသားမှာ အဖြူရောင်မျိုးမှာ ပွင့်တည်းဝတ်မှုန်ကူးနိုင်သောမျိုးစိတ်ဖြစ်သည်။ ထိုမျိုးစိတ်ထဲမှ တချို့သည် ၀တ်မှုန်ကူး ပေးသူများပင် မလိုအပ်ဘဲ ပန်းငုံဘ၀မှာပင်ဝတ်မှုန်ကူးခြင်းကိစ္စ အောင်မြင်သောမျိုးစိတ်ဖြစ်သည်။ အများစုမှာမူ ၀တ်မှုန်ကူးပေးသူလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ စသည်တို့ဖြင့် ၀တ်မှုန်ကူးခြင်းကိစ္စကိုပြီးမြောက်စေသည်။ Hylocereus megalanthus or Selenicereus megalanthus အတွင်းသာအဖြူ အသီးခွံအ၀ါမျိုးမှာ ၀တ်မှုန်ကူးပေးသူမလိုအပ်ဘဲ ၎င်းတို့ကိုယ်တိုင်ပွင့်တည်းဝတ်မှုန်ကူးခြင်းကိုဆောင်ရွက်နိုင်သောမျိုးဖြစ်သည်။ အကြောင်းမှာ ၎င်းမျိုး၏ ပန်းပွင့်တွင်ရှိသောဝတ်ဆံဖိုတိုင်နှင့် ၀တ်ဆံမတိုင်ထိပ်တို့၏ အမြင့်မှာတူညီနေသော ကြောင့် ပန်းပွင့်၏အငုံဘ၀တွင်ပင် ၎င်းတို့ထိတွေ့နိုင်ကာ ၀တ်မှုံကူးခြင်းကိစ္စကို ပြီးမြောက်စေခြင်း ဖြစ်သည်။ Hylocereus costaricensisအတွင်းသားအနီမျိုးစိတ်များကိုမူ လေ့လာဆဲအနေထားမှာပင်ရှိပြီး ၎င်းတို့သည် လည်း ပွင့်တည်းဝတ်မှုကူးနိုင်သောမျိုး ဖြစ်နိုင်သည်ဟု သတ်မှတ်ကြသည်။

 လေ့လာတွေ့ရှိချက်များအရ လက်ဖြင့်ဝတ်မှုကူးပေးသော အသီးများ (တနည်းပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်များ) သည် ၀တ်မှုန်ကူးပေးရန်မလိုအပ်သော အသီးများ(တနည်း ပွင့်တည်းဝတ်မှုန်ကူး မျိုးစိတ်များ - ၎င်းတို့မှာပင် သဘာဝ ၀တ်မှုန်ကူးသူတို့လိုအပ်သောမျိုးနှင့် မလိုအပ်သော မျိုး ဟူ၍ ထပ်ခွဲနိုင်သည်။) ထက် အရွယ်အစားပိုမိုကြီးပြီး အလေးချိန်များသည်။ အသီးတို့၏ အလေးချိန်များခြင်း အသီးကြီးခြင်းကို ယေဘုယျလေ့လာရသော် အသီးအတွင်း အစေ့ပါဝင်မှုနှင့် များစွာသက်ဆိုင်နေကြောင်း တွေ့ရသည်။တနည်းအားဖြင့် ထိုအစေ့များ ဖြစ်ပေါ်လာခြင်းသည် ၀တ်မှုန်ကူးနိုင်သော ပမာဏ အနဲအများပေါ်မူတည်နေသည်ကို လေ့လာတွေ့ရှိရသည်။လူက လက်ဖြင့် ၀တ်မှုန်ကူးပေးရသော အသီးတို့မှာကားဝတ်မှုန်ပမာဏ အများဆုံးကို ကူးပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ပွင့်တည်းဝတ်မှုန်ကူးမျိုးမှအသီးများသည် ပျမ်းမျှအားဖြင့် ၃၅၀ မှ ၆၀၀ ဂရမ်ထိ ရှိတတ်ပါသည်။ ပွင့်ခြားဝတ်မှုန် ကူးမျိုး (လက်ဖြင့် ၀တ်မှုန်ကူးရသောမျိုးစိတ်) မှ အသီးမျာသည် ၅၀၀ မှ ၉၀၀ ဂရမ်အထိ ရှိတတ်ပါသည်။ မြန်မာနိုင်ငံတွင် အများသောအားဖြင့် တွေ့ရသော မျိုးများမှာပွင့်တည်းဝတ်မှုန်ကူး မျိုးများဖြစ်ကြောင်း သိရှိရသည်။ ထိုမျိုးစိတ်များသည် တခြားမျိုးကွဲများနှင့် ရောနှောစိုက်ခြင်းဖြင့် မျိုးကွဲများဖြစ်လာပြီးပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်အသွင်ပြောင်းလဲတတ်သည်ကိုလည်းလေ့လာတွေ့ရှိရပါသည်။

 မိမိနဂါးမောက်မျိုးအားလက်ဖြင့်ဝတ်မှုန်ကူးပေးရန် လိုမလို အလွယ်ဆုံးစမ်းသပ်နည်းမှာ ပန်းပွင့်၏၀တ်ဆံဖိုတိုင်ထိပ်နှင့် ၀တ်ဆံမတိုင်ထိပ်တို့ အမြင့်ချင်း တူညီနေလျှင် သို့မဟုတ် ကွာဟချက် ၂စင်တီမီတာ အောက်ရှိနေလျှင် လက်ဖြင့်ဝတ်မှုန်ကူးပေးရန် မလိုအပ်ကြောင်းလေ့လာတွေ့ရှိရသည်။ ထိုသို့မဟုတ်ဘဲတိုင်ထိပ်အမြင့်ကွာဟချက်မှာ များနေပါက ပျား၊ ပိတုန်းတို့ အကူအညီဖြင့်ပင်မရတတ်သည်ကို အနောက်တိုင်းသုတေသီများ၏ လေ့လာချက်များအရ သိရှိရသည်။ အကြောင်းမှာ ပျားပိတုန်းတို့၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ပန်းပွင့်အရွယ်အစားမှာအလွန်ကွာဟနေသောကြောင့် ၀တ်မှုန်ကူးပေးရန် မလွယ်ကူပေ။ လင်းနို့များသည်မူ ၎င်းမျိုးစိတ်များအတွက်ဝတ်မှုန်ကူးပေးနိုင်သော သဘာဝမိတ်ဆွေပင်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အသီးများရင့်မှည်လာချိန်တွင် အသီးအား လာရောက် စားသောက်လေ့ရှိသောကြောင့်ရန်သူအဖြစ်လဲ တည်ရှိနေပေသည်။ လက်ဖြင့်ဝတ်မှုန်ကူးပေးရန်လိုအပ်သော မျိုးစိတ်များအတွက် ၀တ်မှုန်ကူးနည်းမှာ ၀တ်ဆံဖိုတိုင်မှ ၀တ်မှုံများကို ၀တ်ဆံမတိုင်ထိပ်သို့ ဖြူးပေး ပွတ်ပေးခြင်းဖြင့် ၀တ်မှုန်ကူးစေခြင်းဖြစ်သည်။ဝတ်မှုန်ဖိုများကို ပန်းပွင့်ပြီး ၂-၃ နာရီအတွင်း စုဆောင်းနိုင်သည်။

ညနေ၆နာရီတွင် ပုံမှန် ပန်းပွင့်သောကြောင့် ည ၈နာရီမှ ၉နာရီအတွင်း စုဆောင်းနိုင်သည်။ စုဆောင်းရာတွင် သန့်စင်ထားသော ကပ်ကြေးအသေး သို့မဟုတ် ဇာဂနာဖြင့် ၀တ်မှုန်ဖိုများကို ဇစ်ပါသောလေလုံ ပလက်စတစ်အိတ်အတွင်း စုဆောင်းပြီး အအေးခန်း (သို့မဟုတ်) အေးသောနေရာတွင်ထားကာ မနက်ခင်းအစော ၃-၅ နာရီတွင် နေမထွက်ခင်တွင်ဝတ်ဆံမတိုင်ထိပ်သို့ နားကြပ်တံ၊ စုတ်တံအသေးဖြင့် ညင်သာစွာပွတ်ပေးဖို့လိုပါသည်။ပန်းပွင့် ၁ပွင့် သို့မဟုတ် ၂ပွင့်လောက်မှ ၀တ်မှုန်များကို စုဆောင်းပြီး တခြားပန်းပွင့်များသို့ လိုက်လံ ၀တ်မှုန်ကူးပေးရမည်ဖြစ်သည်။ဝတ်မှုန်ကူးပြီးပါက ပန်းပွင့်အား အသီးစွတ်အိတ်များဖြင့် စွတ်ပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သောအလေးချိန်စီးသော အသီးများကို ရရှိစေပါမည်။ အလင်းရောင်နှင့် အပူချိန် ထို့ပြင် အလင်းရောင်နှင့်အပူချိန်တို့မှလည်း နဂါးမောက် ပန်းပွင့်ခြင်းကို သက်ရောက်မှုရှိနိုင်ပါသည်။လေ့လာတွေ့ရှိချက်များအရ ရေခဲမှတ်အောက် -2ံC တွင်လည်းကောင်း။ အပူချိန် 4 5ံC ထက်ကျော်လွန်လျှင်သော်လည်းကောင်း နဂါးမောက်များ မရှင်သန်နိုင်တော့ပေ။နှင်းကျထူထပ်သော အရပ်ဒေသများတွင် နဂါးမောက်ကို မစိုက်သင့်ပေ။ အပူအအေး ပြောင်းလဲမှုသည်အပင်ပေါ် ဆိုးကျိုးသက်ရောက်စေသည်။ အပင်ကိုင်းသားများ ဖူးရောင်၊ အက်ကွဲခြင်း၊ အ၀ါရောင်ပြောင်းလာခြင်း၊ အရည်များစိမ့်ထွက်လာပြီး တပင်လုံး ပျော့ခွေလာခြင်း စသည့်ဆိုရွားသည့်လက္ခဏာများ ပေါ်ပေါက်တတ်သည်။

 နဂါမောက်၏မျိုးရင်းမှာCactus ရှားစောင်းမျိုးရင်မှန်သော်လည်း နဂါးမောက်မျိုးကိုမူ သဲကန္တာရတွင် စတင်တွေ့ရှိခြင်းမဟုတ်ဘဲ တောထဲတောင်ထဲ အရိပ်အနည်းငယ်ရသော ဒေသများမှာ တွေ့ရှိရခြင်းကြောင့် အလင်းရောင်ကို အပြည့်အ၀မဟုတ်ဘဲ အတိုင်းအတာတခုအထိသာကြိုက်နှစ်သက်သော အပင်ဖြစ်သည်။ ပူနွေးမှုသည် ပန်းပွင့်ခြင်းကိုစောစီးစွာပွင့်စေပြီး အေးမြသောရာသီတို့တွင် ပန်းပွင့်ခြင်းမှာ နောက်ကျတတ်သည်။ နဂါမောက်သည် လင်းတာတုံ့ပြန်မှုရှိသော အပင်ဖြစ်သည့်အားလျော်စွာ လင်းတာရှည်သောနေ့များတွင် ပန်းပွင့်ခြင်းကို ဖြစ်ပေါ်စေသည်။ အတွေ့အကြုံရှိ စိုက်ပျိုးသူများ၏ ပြောစကားအရလပြည့်ညနှင့် လပြည့်မတိုင်ခင်ညများတွင် နဂါးမောက်များပိုမိုပွင့်လေ့ရှိ သည်ဟုဆိုသည်။ ထို့အပြင်ဗီယက်နမ်နိုင်ငံတွင် တနှစ်ပတ်လုံးနီးပါး အသီးရရှိစေရန်အတွက်အသီးမပွင့်ရာသီများတွင် မီးများထွန်းပေးခြင်းဖြင့်ပန်းပွင့်စေကာ အသီးတင်စေသည်။၇၅-၁၀၀ ၀ပ်မီးလုံးများကို လူသွားလူလာလွတ်သောအမြင့် ၈ပေခန့်တွင် ကြိုးများဆိုင်းကာ၆-၁၀ ပေကြား အကွာအဝေးတွင် တလုံးနှုန်းဖြင့် ည ၇နာရီမှ သန်းခေါင်ယံအထိမီးဖွင့်ပေးကြသည်။ပူသောရာသီများတွင် ၁၅-၂၀ရက်ခန့်၊ အေးသောရာသီများတွင် ၂၀-၂၅ရက်ခန့် တနေ့လျှင် ၄-၅နာရီနှုန်းဖြင့် မီးများအလင်းပေးလေ့ရှိကြသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် နဂါးမောက်ကို တနှစ်ပတ်လုံးသီးစေကာ ပုံမှန် အသီးမထွက်သောရာသီတွင် မိမိမှာဈေးကောင်းရရှိစေသည်။

Credit to  Original writer

ထောပတ်သီးပင်စိုက်ပျိုးနည်း

ထောပတ်သီးပင်စိုက်ပျိုးနည်း မြန်မာအမည်- ထောပတ်သီး အင်္ဂလိပ်အမည် - Avocado ရုက္ခဗေဒအမည် - Persea Americana မျိုးရင်းအမည် - LAURACEAE မူရင်းဒေသ - အမေရိကတိုက် အလယ်ပိုင်း မက်ဆီကိုနိုင်ငံ ရာသီဥတု ပျမ်းမျှအပူချိန်(၁၂-၂၈ံ စင်တီဂရိတ်) ၊ မိုးရေချိန် (၂၆-၅၈)လက်မအတွင်း ဖြစ်ထွန်းသည်။ ထောပတ်ပွင့်သည် မိုးဒဏ်ခံနိုင်သည့်အရည်အချင်းရှိသည်။သို့ရာတွင် ထောပတ်ကိုင်းများသည် ကျိုးလွယ်သဖြင့် လေဒဏ်ကို သတြိုရန်လိုအပ်သည်။ ပင်လယ်ပြင်မှ အမြင့်ပေ (၁၅၀၀)မြင့်သည့်အခါတိုင်း အသီးပေါ်မှု (၂) လနောက်ကျကြောင်း တွေ့ရရှိရသည်။ မြေအမျိုးအစား ထောပတ်စိုက်ပျိုးမည့်မြေသည် ရေမ၀ပ်စေရပါ။ ရေသွင်းရေထုတ်လွယ်ကူရမည် ဖြစ်သည်။ ရေထုတ်ရန်လွယ်ကူပါက မြေစေး၊ သဲ၊ ကျောက်စရစ်မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ အောက်ခံ ကျောက်သား ခံနေလျှင်သော်လည်းကောင်း၊ မြေအောက်ရေမျက်နှာပြင် (၃)ပေအတွင်း ဖြစ်နေလျှင်သော်လည်းကောင်း နှစ်အနည်းငယ်အတွင်း အပင်ကိုသေစေပါသည်။ မြေချဉ်ငံညွန်းကိန်းမှာ(၉-၇) အတွင်းဖြစ်ထွန်းသည်။ အပင်ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှု ထောပတ်ပင်သည် အပင်ကြီးမျိုးဖြစ်သည်။အမြစ်များ၏(၈၀-၉၀)%ကို မြေကြီးအပေါ်ယံမှ (၂)ပေအနက်တွင် တွေ့ရပြီး (၆၅-၈၀)%ကိုမြေအပေါ်ယံမှ ၁၅ပေတွင် တွေ့ရသည်။အစေ့မှ အပင်ပေါက်ရန် ၁ လခန့်ကြာသည်။ အပင် တစ်ပေခန့်အမြင့်တွင် အရွက်စထွက်သည်။လိင်မဲ့မျိုးပွားပင်ဖြစ်ပါက (၃)နှဏ်သက်တန်းတွင် ပန်းစပွင့်သော်လည်း အစေ့စိုက်ပင်များ၌မူ(၇-၈)နှစ်ကြာမှ ပန်းပွင့်သည်။ မျိုးပွားခြင်း မြန်မာနိုင်ငံ၏ လက်ရှိအသီးထွက်နေသော ထောပတ်ပင်များမှာအစေ့မှ စိုက်ပျိုးထားခဲ့သောအပင်များဖြစ်ပါသည်။ သို့ရာတွင် အောက်ခံပင်စိုက်ပြီး ကိုင်းကူးပါက အကောင်းဆုံးဖြစ်သည်။ ပိုးမွှားရောဂါကင်းစင်သော အပင်မှ အသီးမှည့်ကို ယူ၍ (၅၀ံ)စင်တီဂရိတ်ရေနွေးမှာ နာရီဝက်စိမ်ပြီး၊ အအေးခံခြောက်သွေ့စေရမည်။ ထို့နောက် အစေ့အခွံကို ခွာ၍ အစေ့၏ ထိပ်နှစ်ဘက်ကို အနည်းငယ်ဖြတ်ကာ မြေချစိုက်ရသည်။ အသီးအညှာဖက်ကို အပေါ်၌ ထားရပါသည်။ အောက်ခံပင်ပျိုးရာတွင် ပင်ကြားတန်းကြား (၁-၂)ပေထားကာသဲကိုလက်မ၀က်ခန့် ဖုံးအုပ်ပြီး အရိပ်ပြုလုပ်ပေးရပါမည်။ တစ်လခန့်အကြာအပ်ငပေါက်လာပါက အောက်ခံပင်(၄)လက်မခန့်တွင် အဖူးကိုင်းဆက်ပေးရပါသည်။ စိုက်ပျိုးနည်း စိုက်ကျင်းကို တစ်ပေအကျယ်ထားပြီး အမြစ်အရှည်ရှိသရွေ့ ကျင်းအနက်ရှိရန်လိုအပ်ပါသည်။ မြေကြီးမှာ ရေ၀င်ရေထွက်၊ လေ၀င်လေထွက်ကောင်းရန် လိုအပ်ပါသည်။ ပင်ကြားတန်းကြားအကွာအဝေးကို ရာသီဥတု မြေနှင့်မျိုးပေါ်မူတည်၍ ပင်ကြားxတန်းကြား (၂၅x၂၅)ပေ သို့မဟုတ်(၃၀x၃၀)ပေ ထားသင့်ပါသည်။ တစ်ဧကလျှင် အပင်ရေ(၄၈-၇၀)ပင် ၀င်ဆန့်ပါသည်။ မြေမျက်နှာပြင်မှ မြေအနက်အနည်းငယ်အတွင်း အမြစ်ဖြာလေ့ရှိသဖြင့် ပေါင်းရှင်းရာတွင် ပေါင်းသတ်ဆေး သုံးသင့်ပါသည်။ထယ်၊ ထွန်၊ ကရိယာများသုံးစွဲပါက အမြစ်ကို ထိခိုက်နိုင်ပါသည်။ပေါင်းရှင်းပြီးပါက အစိုဓာတ်ရအောင် မြေကိုဖုံးအုပ်ပေးရန်လိုအပ်ပါသည်။ ရေသွင်းခြင်း အရွယ်ရောက်သော ထောပတ်ပင် တစ်ပင်အတွက် ရေ (၅၀)ဂါလံ လိုအပ်ပါသည်။ မြေသြဇာကျွေးခြင်း အပင်သက်တမ်းအလိုက် ဓာတ်မြေသြဇာကျွေး၇န် လိုအပ်ပါသည်။ အရွယ်များသေးရှည်ကာရွက်ကြောကြား၌အ၀ါရောင်အပြောက်များ ဖြစ်လာပါက ဇင့်ချို့တဲ့မှုကြောင့်ဖြစ်သဖြင့်ဇင့်ဓာတ်ပါသော ရွက်ဖြန်းမြေသြဇာ တစ်မျိုးမျိုးအား ဖျန်းပေးသင့်ပါသည်။ အပင်ပြုစုခြင်း အပင်ငယ်များကို ကိုင်းရှင်းခြင်း အနည်းငယ်သာပြုလုပ်သင့်ပါသည်။ အပင်၏ ထိပ်ဖူး၊ အညွန့်များ၊ ထောင်မတ်မလာမီ ဖြတ်ပေးသင့်ပါသည်။ ကိုင်းရှင်းမှုများ လွန်သွားပါကလည်း အသီးထွက်နော်ကကျပြီး အသီးထွက်လျှော့သွားပါသည်။အပင်အမြင့် (၁၅-၂၅xပေသာ ထားသင့်ပါသည်။ သို့မှသာ အသီးခူးရန်လွယ်ကူပြီး လေဒဏ်ခံနိုက်ကာ အပင်ပြုစုရန်လွယ်ကူမည်ဖြစ်ပါသည်။အပင်ကြီးများတွင် အသီးခူးပြီးသည်နှင့်ကိုင်းရှင်းသင့်ပါသည်။ အပင်စိတ်စိတ်စိုက်ခဲ့သည့် အခင်းများတွင် တစ်ဧက အပင် (၁၁၀)ထားပြီး အသီးသီးပြီးသော မသန်စွမ်းသည့် အပင်များကိုရှင်းပစ်ကာ အပင်ရေ (၇၀)ထိလျှော့ချနိုင်ပါသည်။အပင်လျှော့ချရာတွင် ပထမနှစ်တွင် (၁၈x၁၈)ပေ၊ ဒုတိယ (၆)နှစ်တွင် (၃၆x၃၆)ပေအထိ ပင်ရေလျှော့ချနိုင်ပါသည်။ ပိုမွှားနှင့်ရောဂါ ထောပတ်တွင် Seedling blight သည်အဆိုးရွားဆုံးဖြစ်ပါသည်။ အရွက်ကြွေခြင်း အပင်ခြောက်ခြင်းမှ အပင်တစ်ပင်လုံးသေသွားသည်အထိ ထိခိုက်စေပါသည်။ ကော့ပါးပါဝင်သော ဆေးများဖြင့် ကာကွယ်ရန်ဖြစ်ပါသည်။ ထို့အပြင် - -အောက်ခံပင်အဖြစ်စိုက်ပျိုးမည့်အစေ့များကို သေချာစွာ ပိုးသန့်ရန်၊ -အမြစ်ပုပ်ရောဂါခံနိုင်ရည်ရှိသော အောက်ခံပင်များကိုရွေးရန်၊ -ပျိုးခင်းကို ရောဂါမှ ကာကွယ်ရန် -အပင်ကို နက်နက်စိုက်ပြီး ရေသွင်းရေထုတ်ကောင်းအောင် ဆောင်ရွက်ပေးရန်၊ -ရေသွင်းခြင်း မြေသြဇာကျွေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါသည်။ အသီးသီးနေသည့် ထောပတ်ပင်များတွင် ကိုင်းခြောက်သေရောဂါသည် အဓိကဖြစ်သည်။ယင်းရောဂါသည် အမြစ်ပုပ်ရောဂါ (Phytopthara) ကြောင့်ဖြစ်ကာ Trichoderma မှိုကိုမြေတွင် ရောထည့်ပေးပြီး ကာကွယ်နိုင်သည်။ အထွက်နှုန်း တစ်ဧကလျှင် ထောပတ်သီး (၂-၅)တန်ထိ ထွက်နိုင်ပါသည်။ ထောပတ်သီးသည် ရင့်လာသည့်တိုင် အပင်ပေါ်တွင် ရက်သတ္တပတ်ကြာကြာရှိနေနိုင်ပါသည်။အသီးရင့်များကို (၂၇ံ)စင်တီဂရိတ်တွင် ထားပါက တစ်ပတ်အတွင်း မှည့်ပြီး (၅ံ)စင်တီဂရိတ်တွင် ထားမည်ဆိုပါက တစ်လကြာမှ ရင့်မှည့်ပါသည်။ မရင့်မီခူးပါကကောင်းစွာ မမှည့်လာတော့ပေ။ ကိုးကားစားအုပ်စာတမ်းများ -သစ်သီးဝလံ စိုက်ပျိုးနည်း၊ မြန်မာစိုက်ပျိုးရေးလုပ်ငန်း

လျှော်ဖြူစိုက်ပျိုးခြင်း

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် “ပြည်တွင်းစားသုံးမှုဖူလုံရေး” “လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားငွေရရှိရေး” “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် ဦးတည်ချက် ၃ ရပ်ချမှတ်ထားပါသည်။ ၎င်းဦးတည်ရည်မှန်းချက်များအောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၅) ရပ်တွင် “စိုက်ပျိုးမြေသယံဇာတများဖော်ထုတ်အသုံးချရေး” လုပ်ငန်းစဉ်တစ်ရပ် ပါဝင်လျှက်ရှိသည်နှင့်အညီ ပုဂ္ဂလိကအသေးစား၊ အကြီးစားလုပ်ငန်းများအား နိုင်ငံတော်မှ မြေယာသစ်များ တိုးချဲ့ဖော်ထုတ်၍ လုပ်ပိုင်ခွင့်များ ချမှတ်ပေးနေသော်လည်း ငွေကြေး၊ ပစ္စည်း၊နည်းပညာနှင်အခြားအခြေအနေအခက်အခဲအမျိုးမျိုးကြောင့်ရာနှုန်းပြည့်အသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသည့် မြေလွတ်မြေလပ်များစွာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ကျန်ရှိနေပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံအနှံ့အပြားရှိ မြေယာအသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသေးဘဲ ကျန်ရှိနေသည့် မြေလွတ်မြေလပ်၊ မြေအမျိုးအစားတွင် ငွေကြေးအရင်းအနှီးအနည်းငယ်ဖြင့် လူတိုင်းလွယ်ကူစွာ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် လျှော်ဖြူပင်စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ မြေယာအသုံးချမှုကဏ္ဍ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပြည်ပပို့ကုန်အမယ်သစ်တစ်မျိုး ရရှိလာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လျှော်ဖြူပင်စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို သိရှိလေ့လာနိုင်ကြစေရန် မိတ်ဆက်ပေးတင်ပြခြင်းဖြစ်ပါသည်။ အမျိုးအစားခွဲခြားခြင်း သိပ္ပံအမည် - Streculia versicolor Wall, Sterculia vermicolor Wall မြန်မာအမည် - လျှော်ဖြူပင်၊ ဆေးကုလားမပင် အင်္ဂလိပ်အမည် - မရှိ မျိုးစဉ် - Malvales မျိုးရင်း - Sterculioideae မျိုးစု - Sterculia မျိုးစိတ် - Sterculia versicolor ရုက္ခဗေဒသွင်ပြင်လက္ခာများ အပင်သရုပ် လျှော်ဖြူပင်သည် သဘာဝအားဖြင့် ပင်စည်အမြင့် ၅၀ ပေမှ ၉၀ ပေနှင့် လုံးပတ် ၆ ပေမှ ၁၀ အထိရှိပြီး ရှင်းလင်းသော အကိုင်းများဖြင့် ဖွဲ့စည်းထားသည့် နှစ်ရှည်ပင် အပင်ကြီးအမျိုးအစားဖြစ်ပါသည်။ ရွက်ကြွေပင်အမျိုးအစားဖြစ်ပြီး နွေရာသီ၌ အရွက်ကင်းမဲ့လေ့ရှိသည်။ ပင်စည်အခေါက်သည် မီးခိုးဖြူရောင်၊ ဖြူမွဲရောင်ရှိတတ်ပြီး အခေါက်အသားအတွင်းတွင် လျှော်မျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ပင်စည်အစိတ်အပိုင်းများအားလုံး၌ အစေးများရှိပြီး အခေါက်အပိုင်းအတွင်း၌ အစေးအများဆုံး တည်ရှိနေပါသည်။ အစေးများတည်ရှိနေသည့် အကျိအချွဲ မြောင်းများနှင့် သိုလှောင်အိပ်များသည် အခေါက်အတွင်းပိုင်းနှင့် အစာကြောတွင်လည်းကောင်း၊ အသားတိုးလွှာတွင်လည်းကောင်း၊ အရစ်လိုက်ဖွဲ့စည်းတည်ရှိနေပါသည်။ အရွက် လျှော်ဖြူပင်၏အရွက်သည် ရွက်မွှာ (၅) မှ (၇) ရွက်ရှိသော လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ရွက်လွှဲထွက်ကာ ရွက်ရင်းဖု သိသာထင်ရှားသည်။ ရှူးချွန်ပုံ ရွက်ညှာအစုံလိုက်ရှိပြီး ကြွေလွယ်သည်။ ရွက်မွှာများသည် ဘဲဥရှည်သွယ်ပုံရှိပြီး ထိပ်ပိုင်းချွန်လျှက် အပေါ်မျက်နှာပြင် ပြောင်ချောနေသည်။ အရွက်အောက်မျက်နှာပြင် ကြမ်းတမ်းကာ ရွက်ကြောများ ထင်ရှားစွာရှိသည်။ အမြစ် ထူးခြားချက်မှာ အပင်ငယ်စဉ်မှစတင်၍ အမြစ်တွင် ထပ်ပွားကြီးထွားမှုနှင့်အတူ အစာသိုလှောင်သည့် အသားထူတစ်ရှူးအစိတ်အပိုင်းများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ပန်းခိုင်၊ ပန်းပွင့် ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး အရေအတွက် (၄၀) မှ (၈၀) အထိပါရှိသော ပန်းပွင့်ငယ်ကလေးများသည် အဆုံးမရှိ ပန်းခိုင်ပေါင်းအဖြစ် ဖွဲ့စည်းတည်ရှိပါသည်။ ပန်းခိုင်ပေါ်တွင် ကြယ်ပုံ အမွှေးများ ထူထပ်စွာတည်ရှိနေသည်။ အပွင့်များသည် လိင်ရှုပ်ပွင့်များဖြစ်ကာ အဖိုပွင့်များနှင့် လိင်စုံပွင့်များ ပွင့်ကြသည်။ လိင်စုံပန်းတစ်ပွင့်လျှင် မအင်္ဂါငယ်အစေ့အိမ်ခန်း ၅ ခန်းပါရှိသည်။ အဖိုပန်းပွင့်၏ ဖိုအင်္ဂါအုံတွင် ၁၂ ခုမှ ၁၅ ခုရှိ ၀တ်ဆံတိုင်များသည် အခြေတွင် ပေါင်းစုနေကြသည်။ ပွင့်ဖတ်သည် ခေါင်းလောင်းပုံရှိပြီး ပွင့်ချပ်အုံ မပါရှိပါ။ ပန်းပွင့်များသည် သင်းပျံ့သည့် အနံ့ရှိကာ နုစဉ်အ၀ါရောင်ရှိ၍ ရင့်လာချိန်၌ အ၀ါရင့်ရောင်ပြောင်းလဲသွားသည်။ အသီးနှင့်အစေ့ လျှော်ဖြူပင်၏အသီးမှာ ပန်းတစ်ပွင့်မှ အသီးငယ် ၄ ခုမှ ၆ ခုအထိပါရှိသော ခွံမာအက်ကွဲသီးခေါ် အမြောင်းကွဲအသီးစု အမျိုးအစားဖြစ်ပါသည်။ အသီးငယ်တစ်ခုသည် ထုလုံးချွန်ပုံဖြင့် အတွင်းသို့ကွေးနေကာ အမွှေးကြမ်းများ ဖုံးအုပ်ထားသည်။ နုစဉ် စိမ်းဝါရောင်ရှိပြီး နောက်ပိုင်းရင့်လာချိန် ကော်ဇောနီရောင်ပြောင်းလဲသွားသည်။ ၅ စေ့မှ ၇ စေ့ ရှိ အစေ့များသည် အသီးငယ်တစ်ခုအတွင်း ချက်တိုင်တစ်လျှောက်တွင် အတန်း ၂ တန်းဖြင့် တွယ်ကပ်နေသည်။ အစေ့များ ချောမွတ်ကာ အညိုရင့်ရောင်ရှိသည်။ အစေ့ကိုလှော်၍ စားသုံးနိုင်သည်။ ပွင့်သီးချိန် လျှော်ဖြူပင်များသည် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပန်းများပွင့်လေ့ရှိပြီး ဒီဇင်ဘာမှ မတ်လအထိ အသီးများကြီးထွားရင့်မှဲ့ကြသည်။ ပန်းပွင့်ချိန်ရာသီတွင် တစ်ပင်လုံးအရွက်များ အ၀ါရောင်ဖျော့သွားပြီး အသီးရင့်ချိန်၌ အရွက်များကင်းမဲ့နေကာ အပင်ပေါ်တွင် နီရဲနေသော သီးခိုင်၊ သီးစုများကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ အသုံးဝင်မှု လျှော်ဖြူပင်မှာထုတ်ယူရရှိသော အစေခဲခြောက်များအား လျှော်ဖြူစေ (၀ါ) ဆေးကုလားမ (Myanmar Sterculia gums) ဟုခေါ်ကာ ပြည်တွင်း၌ ၎င်းကို ရေခဲမုန့်၊ ဂျယ်လီမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စသည့် မြန်မာ့ရိုးရာအဖျော်စားသောက်ကုန် လုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲကြသည့်အပြင် တိုင်းရင်းဆေး၌ ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးအဖြစ် ဆေးဝါးအသွင် အသုံးပြုကြပါသည်။ ပင်စည်အခေါက်မှ လျှော်မျှင်များစွာထုတ်ယူရရှိ၍ ကြိုးအမျိုးမျိုးပြုလုပ်သုံးစွဲကြပြီး ပင်စည်အသားကို ခွဲစိတ်ကာ သစ်ပွသားအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။ လျှော်ဖြူပင်အပါအ၀င် လျှော်ပင်၊ လျှော်နီပင်စသည့် ၎င်းမျိုးရင်းဝင်အပင်များမှ ရရှိသော အပင်ထွက်အစေးများကို အိန္ဒိယနိုင်ငံမှ အများဆုံးထုတ်လုပ်ထွက်ရှိပြီး ၎င်းတို့ကို Gum sterculia, Gum Karaya, Gum Kadaya, Indian tragacanth ဟုခေါ်ဝေါ်ကြသည်။ ၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။ ၎င်းအစေးများသည် galactan gelose ပါဝင်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်ဝင်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီဝပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။ ဖော်ပြပါထူးခြားသည့်ရုပ်နှင့် ဓါတ်ဂုဏ်သတ္တိများကြောင့် လျှော်မျိုးရင်းဝင် အပင်ထွက်စေးများကို ကမ္ဘာပေါ်ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။ ၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍ သုံးစွဲကြပြီး အထူးသဖြင့် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှုလက်မှုလုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။ ယခုအခါ လျှော်ဖြူစေးကို ကားမှန်များ (Glass Fiber) ထုတ်လုပ်ရာတွင် ရောနှောကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရန် ကမ္ဘာကျော်ကားကုမ္ပဏီအချို့သည် မြန်မာပြည်တွင်း၌ စက်ရုံတည်ရန် ကုန်ကြမ်းနှင့်နေရာရှာဖွေလျက်ရှိပါသည်။ မြန်မာ၊ အိန္ဒိယ တိုင်းရင်းဆေးများတွင် လျှော်ဖြူစေး (၀ါ) Gum sterculia (သို့) Gum Karaya ကို အမှုန့်ပြုလုပ်ပြီး ၀မ်းနှုတ်ဆေး၊ ၀မ်းချူဆေး၊ အနာကျတ်ဆေး၊ ကာမစိတ်ကြွဆေးအပြင် သွားဖာ သွားကပ်ဆေးများအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အရေပြားနှင့် အနာရောဂါပြု ဘတ်တီးရီးယားပိုးများစွာကို ကာကွယ်ပေးနိုင်သဖြင့် ဆေးဂျယ်လီ၊ ဆေးပလာစတာ၊ ဆေးပတ်တီး၊ အရေပြားလိမ်းဆေးများအဖြစ် ပြုလုပ်သုံးစွဲကြသည်။ လေ့လာစမ်းသပ်မှုများအရ မြန်မာနိုင်ငံထွက် လျှော်ဖြူစေသည် ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် အိန္ဒိယမှ မှာယူတင်သွင်းနေရသော အပင်ထွက် အစေးတစ်မျိုးဖြစ်သည့် Gum tragacanth နေရာတွင် အစားထိုးသုံးစွဲနိုင်ကြောင်း သိရှိရပါသည်။ ပေါက်ရောက်ပျံ့နှံ့မှု လျှော်ဖြူပင်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးရိုးမတောင်တန်းများအပြင် အနောက်ရိုးမအစပ် တောင်တန်းများနှင့် ရှမ်းရိုးမအစပ် တောင်တန်းများပေါ်တွင် အများဆုံးတွေ့ရှိရသည်။ အန္ဒိယနိုင်ငံ အရှေ့ဘက်တောင်တန်းဒေသများတွင်လည်း တွေ့ရှိရသည်။ အပူပိုင်းဒေသကြိုက်အပင် အမျိုးအစားဖြစ်ပါသည်။ မျိုး မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများတွင် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက်အဖြူပင်နှင့် အညိုပင် စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝအခြေအနေအပြင် အပင်ပုံပန်းသဏ္ဌာန်ကွဲပြားခြားနားမှုမရှိသဖြင့် လျှော်ဖြူတစ်မျိုးတည်းပင် ဖြစ်ပါသည်။ သို့သော်လည်း လျှော်ဖြူပင်နှင့်မျိုးနွယ်တူ မျိုးစိတ်ကွဲအပင်များရှိနေပြီး ၎င်းတို့မှာ လျှော်နီ၊ ဒုန်လျှော်၊ လျှော်ဝါ၊ ဘန်လျှော်၊ လျှော်အ၊ လျှော်ပင်တို့ဖြစ်ပါသည်။ အစေးထွက်ရှိမှုနှင့် အစေးသဘာဝများ တူညီကြသော်လည်း မြန်မာလျှော်ဖြူပင်မှရရှိသည့် အစေးသည် ဖြူဆွတ်နေပြီး လျှော်နီ၊ လျှော်ဝါနှင့် လျှော်ပင်များမှရရှိသော အစေးများသည် နီဝါရောင် အနည်းငယ်သန်း၍ ပြည်တွင်းဈေးကွက်၌ လျှော်ဖြူစေးကဲ့သို့ ဈေးမရပေ။ အိန္ဒိယနိုင်ငံတွင်မူ ဖော်ပြပါ လျှော်ပင်၊ လျှော်နီပင်များမှ အဓိကထား၍ (Gum Karaya) အဖြစ် အစေးထုတ်ယူကြပါသည်။ မြေအမျိုးအစားနှင့် ရာသီဥတု လျှော်ဖြူပင်သည် ရေ၀ပ်သည့်မြေ၊ ရေစီးရေလာညံ့သော မြေများမှလွဲ၍ မြေအမျိုးအစားအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ထုံးဓါတ်ပါသည့် ကျောက်စရစ်မြေ၊ သဲဆန်မြေ၊ နုံးစနယ်မြေများကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရပါသည်။ လျှော်ဖြူပင်သည် အပူကြိုက်အပင်အမျိုးအစားဖြစ်ပြီး မြန်မာပြည်ဒေသ အနှံ့အပြား သဘာဝအလျောက် ပေါက်ရောက်ခြင်းကြောင့် မြန်မာပြည်ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အမြင့်ပေ ၂၀၀၀ ကျော်ပြီး စိုစွတ်အေးမြသည့် ဒေသများနှင့် လေထအမြင့်ပေ ၂၀၀၀ ကျော်ပြီး စိုစွတ်အေးမြသည့် ဒေသများနှင့် လေထုအစိုဓါတ်များသော ဒေသများတွင် အစေးထုတ်ယူမှု အခက်အခဲရှိနိုင်သဖြင့် စီးပွားဖြစ် မစိုက်ပျိုးသင့်ပါ။ မိုးရေချိန်များသည့်ဒေသများတွင် စိုက်ပျိုးလိုလျှင် တောင်စောင်း ဆင်ချေလျှော်နေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ပူပြင်းခြောက်သွေ့ကာ မိုးရေချိန် (၁၀၀) လက်မနှင့် ၎င်းအောက်ရရှိသည့် မြေလတ်ပိုင်းဒေသများ မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးရန် ပိုမိုသင့်လျှော်ပါသည်။ လျှော်ဖြူပင်စိုက်ခင်း တည်ထောင်လုပ်ကိုင်ခြင်း လျှော်ဖြူ ပျိုးပင်ူအား အကိုင်းဖြတ်ကိုင်းထိုးနည်းဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သော်လည်း ၎င်းအပင်များသည် ရေသောက်မြစ်အားနည်းပြီး လေဒဏ် ခံနိုင်ရည်မရှိသဖြင့် အစေ့မှသာ ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ အစေ့မှပျိုးထောင်စိုက်ပျိုးရာတွင် မြေဆွေးပါ ပျိုးအိတ်များတွင် မျိုးစေ့တိုက်ရိုက်ထည့်ကာ ပျိုးသက် (၂ လ ၃ လ) အရွယ်၊ အရွက်သုံးစုံခန့်ရှိချိန်တွင် မြေချစိုက်ပျိုးနိုင်ပါသည်။ သဲဘောင်တွင် မျိုးစေ့အညှောင့်ဖောက်ပြီး အရွက်နှစ်စုံထွက်လာလျှင် ပျိုးအိတ်သို့ ရွှေ့ပြောင်းပျိုးထောင်ပေးနိုင်သည်။ ပျိုးအိတ်တွင် အမြစ်များမြန်ဆန်စွာ ဖောက်ထွက်မြေစွဲသဖြင့် အိတ်တွင် ပျိုးသက် (၅ လ) ထက် ပိုမထားသင့်ပါ။ မြေဘောင်များဖြင့်လည်း ပျိုးထောင်နိုင်ပြီး အမြစ်ဥ ကောင်းစွာ (မုံလာဥအရွယ်ခန့်) ဖြစ်ပေါ်လာသည်အထိ ပျိုးသက် (၆ လ) မှ (၁ နှစ်ခွဲ) ခန့်အထိ ထားရှိ၍ နှုတ်ယူရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။ ပျိုးထောင်စဉ် ပျိုးပင်များရေ၀ပ်ဒဏ်မခံနိုင်သဖြင့် ပျိုးခင်းတွင် ရေမများရန် အထူးလိုအပ်ပါသည်။ စိုက်ပင်အရေအတွက် တစ်ဧကလျှင် လျှော်ဖြူအပင်ရေ (၁၅၀) မှ (၃၀၀) ပင်ခန့်အထိ ထားရှိစိုက်ပျိုးနိုင်ပါသည်။ တောင်ကုန်းစောင်းများတွင် အပင်အရေအတွက် ပိုမိုစိုက်ပျိုးနိုင်ပါသည်။ ဖော်ပြပါအပင်အရေအတွက်ရရှိရန် ပင်ခြား တန်းခြား အကွာအဝေးကို ၂၅ ပေ x ၁၂ ပေ၊ ၃၀ ပေ x ၁၀ ပေ၊ ၂၀ ပေ x ၁၀ ပေ၊ ၁၅ ပေ x ၁၅ ပေ၊ ၁၅ ပေ x ၁၂ ပေ၊ ၁၂ ပေ x ၁၂ ပေ စသည်ဖြင့် နှစ်သက်ရာအကွာအဝေးထားရှိနိုင်ပြီး အပင်ငယ်စဉ် နှစ်သက်ရာကြားသီးနှံ ရာသီပင်များထည့်သွင်း စိုက်ပျိုးနိုင်ပါသည်။ ခြံစည်းရိုးစိုက်ပင်များကိုမူ (၇ ပေ သို့မဟုတ် ၁၀ ပေ) ခြား၍ စိပ်စိပ်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးခြင်းနှင့် ပြုစုခြင်း မိုးရာသီအတွင်း အချိန်မီမြေချစိုက်ပျိုးရပြီး အပင်ရှင်သန်ဖြစ်ထွန်းလွယ်သဖြင့် အလွယ်တကူ စိုက်ပျိုးလုပ်ကိုင်နိုင်သော်လည်း စိုက်ကျင်းများကို ၁ ပေခွဲမှ ၂ ပေအထိ ကောင်းစွာ တူးလျှက် မြေဆွေးမြေသြဇာများ ထည့်သွင်းပြီး စနစ်တကျ ကြိုတင်ပြင်ဆင်စိုက်ပျိုးလျှင် အပင်ကြီးထွားမှု ပိုမိုမြန်ဆန်စေပါသည်။ ထိုနည်းတူ သာမန်ပြုစုထိန်းသိမ်းပေးခြင်းဖြင့် အပင်များသည် ပုံမှန်ကြီးထွားလာမည်ဖြစ်သော်လည်း အပင်ငယ်စဉ် ပေါင်းမြကက်သုတ်သင်ပေးခြင်း၊ လိုအပ်သည့် မြေသြဇာများကျွေးမွေးခြင်း၊ ကြားထွန်ဝင်ပေးခြင်း၊ မိုးရေနှင့် အစိုဓာတ်ထိန်းသိမ်းပေးခြင်း (ကောက်ရိုး၊ မြက်ခြောက်များ တန်းကြားထူထူအုပ်ခြင်း) စသည့် အပင်ထိန်းသိမ်းပြုစုမှုလုပ်ငန်းများကို စနစ်တကျ ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်စေကာ အစေးအထွက်နှုန်းကိုပါ အကျိုးပြုစေပါသည်။ ထိုကဲ့သို့ အပင်ကြီးထွားမှုကောင်းပြီး အရွက်ဧရိယာများပြားသိပ်သည်းမှုသည် အစေးထွက်ကို အကျိုးပြုစေသည်သာမက အစေးယူချိန်တွင် ပင်စည်အား ထီးကဲ့သို့ အုပ်မိုးကာကွယ်ပေးထားသဖြင့် ပင်စည်ပေါ်မှ အစေးများကို မိုးရေကြောင့်ပျက်စီးဆုံးရှုံးမှု နည်းပါးစေပါသည်။ အစေးထုတ်အပင်အသက်အရွယ်နှင့် အစေးထုတ်သက်တမ်း လျှော်ဖြူပင်သည် အပင်ငယ်စဉ်အရွယ်မှစတင်ပြီး အစေးများထွက်သော်လည်း အပင်သက် ၄ နှစ်သားမှ ၅ နှစ်သား၊ ပင်စည်လုံးပတ် ၃ ထွာဆိုင်ခန့် (၂၇ လက်မခန့်) အရွယ်ရောက်ရှိမှစတင် အစေးထုတ်ယူသင့်ပါသည်။ အပင်ငယ်စဉ် အစေးထုတ်စောလွန်းပါက အပင်ကြီးထွားမှု အားနည်းသွားနိုင်ပါသည်။ လျှော်ဖြူပင်သည် သဘာဝအားဖြင့် နှစ် ၇၀ မှ ၉၀ သက်တမ်းရှိသော နှစ်ရှည်ပင်အမျိုးအစားဖြစ်သော်လည်း အပင်အား အစေးထုတ်ဒဏ်ရာပေးခြင်းသည် (အစေးထုတ်နည်းစနစ်အလိုက်) မူလသက်တမ်း၏ ထက်ဝက်မက သက်တမ်း လျော့ကျသွားစေနိုင်ပါသည်။ ပြက္ခရွေတောင်တန်း (မြစ်သားမြို့နယ်)၊ စစ်ကိုင်းနှင့် မင်းကွန်းတောင်တန်း (စစ်ကိုင်းမြို့နယ်)၊ တွင်းတောင် (ဘုတလင်မြို့နယ်) စသည့် တောင်တန်းများအပေါ်ရှိ ဒေသခံများ၏ ဓားထစ်နည်းဖြင့် အစေးထုတ်ယူလျက်ရှိ သော သဘာဝလျှော်ဖြူပင်များအားလေ့လာကြည့်ရာ အစေးထုတ်ပင်အများစုမှာ (၁၀) နှစ် အများဆုံး ၁၅ နှစ်အကြာသာ အစေးထုတ်နိုင်ကြောင်းတွေ့ရှိရသော်လည်း အချို့အပင်များသည် (အစေးထုတ်သူအပေါ်မူတည်လျက်) အစေးထုတ်ကာလ (၂၅) နှစ်ခန့်ရှိနေပြီး ယနေ့အချိန်အထိ ဆက်လက်အစေးထွက်ရှိဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ အစေးထုတ်လျှော်ဖြူပင်များ ပျက်စီးသေဆုံးမှု အဓိကအကြောင်းရင်းသည် ပင်စည်ဒဏ်ရာ ကြီးမားများပြားမှုကြောင့် လေဒဏ်မိုးဒဏ်မခံနိုင်ဘဲ ကျိုးကျသေဆုံးခြင်းနှင့် ဒဏ်ရာမှ ပင်စည်ထိုးပိုး အတွင်းဝင်ရောက်ဖျက်ဆီး၍ အပင်ခြောက်သွေ့ သေဆုံးခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ လျှော်ဖြူပင်၏ အစေးထုတ်နိုင်သည့် သက်တမ်းကာလသည် အစေးထုတ်ပုံနည်းစနစ် များအပေါ် မူတည်နေပြီး စနစ်တကျဆောင်ရွက်လျှင် အပင်သက်တမ်းရှည်ကြာစွာ အစေးထုတ်ယူနိုင်ပါသည်။ အချို့ဒေသများတွင် အပင်သက် (၅၀) နှစ်သက်တမ်းအထိ အစေးထွက်ကောင်းနေသော အပင်ကြီးများကို တွေ့ရှိရပါသည်။ အစေးထုတ်ပုံနည်းစနစ်များ မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူကြရာတွင် ပင်စည်ဓါးထစ်နည်းများကို သမာရိုးကျလုပ်ကိုင်မှုများပြီး အချို့ဒေသများတွင် ဆောက် (သို့မဟုတ်) လွန်ဖြင့် ပင်စည်အပေါက်ဖောက်နည်းကို အသုံးပြုကြသည်။ (၁) ဓါးထစ်နည်း လျှော်ဖြူပင်မှ အစေးထုတ်ယူရန် ဦးစွာအပင်အား ပြင်ဆင်ရာတွင် အပင်အမြင့် ၁ ပေခွဲ၊ ၂ ပေခန့်မှစ၍ ပင်စည်ပေါ်တွင် အနက် ၁ လက်မမှ ၁ လက်မခွဲခန့်၊ အကျယ် ၃ လက်မ ၄ လက်မခန့်၊ လခြမ်းကွေးပုံ ဘန်ထစ်ပြုလုပ် ခုတ်လှီးပေးရသည်။ ပင်စည်အသားအနည်းငယ် ပြတ်ရုံသာချိန်ဆပြုလုပ်ရပြီး ဓါးအစား ရဲဒင်း၊ လွှများဖြင့် သုံးစွဲပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကို ပင်စည် အစေးကြောဖြတ်ခြင်းဟု ခေါ်သည်။ ဤကဲ့သို့ ပင်စည်အစေးကြောဖြတ် ဓားထစ်ခြင်းကို ပထမရာသီတွင် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်လျက် ၂ နေရာ ၃ နေရာခန့်သာ ပြုလုပ်ပေးရပြီး အပင်ကြီးလာမှ တဖြည်းဖြည်းနေရာများစွာ ဓားထစ်ပြုလုပ်နိုင်သည်။ ပင်စည်ပေါ်ဓါးထစ်ရာတစ်ခုနှင့်တစ်ခုကို ထက်အောက် အကွာအဝေး ၁ ပေခွဲ၊ ၂ ပေခန့်ခြားပြီး နေရာလွှဲပြုလုပ်ရသည်။ ဓါးထစ်နေရာရွေးချယ်ရာတွင် ပင်စည်၏ လေကွယ် နေကွယ် ဘက်ခြမ်း၌ အစေးထစ်လျှင် အစေးအရည်အသွေး ညံ့တတ်သဖြင့် နေ၊ လေ ပိုမိုရရှိသည့် ပင်စည်ဘက်ခြမ်းတွင် ရွေးချယ်ပြုလုပ်ကြသည်။ ပင်စည်အခုံး (အကုံး) ရှိနေလျှင် ၎င်းနေရာ၌ အစေးထုတ်လျှင် အစေးထွက်နည်းသည်ဖြစ်၍ ၎င်းပင်စည်အခုံးနေရာတွင် ဓါးထစ်ခြင်းမပြုရပါ။ ဤကဲ့သို့ ပင်စည်အား အစေးကြေဖြတ်ထားပြီး ၂ ပတ် ၃ ပတ်ခန့်အကြာ အခေါက်နှင့် အသားအကြားမှ ကျီးပေါင်း (ခေါ်) မန်းရာ (ခေါ်) အသားနုလွှာကောင်းစွာဖြစ်ပေါ်လာသည်နှင့် ၎င်းအသားနုလွှာအား ဓါးထက်ထက်ဖြင့် ထန်းလှီးသကဲ့သို့ ပါးပါးရှပ်လှီးပေးရသည်။ ၎င်းကို အစေးကြောဖွင့်ခြင်း (၀ါ) မန်းပြင်ခြင်းဟုခေါ်ပါသည်။ ထိုသို့ ရှေးဦးမန်းပြင်ခြင်းကို တစ်ပတ်ခြား ၁ ကြိမ် ၂ ကြိမ်ခန့်ပြုလုပ်လေ့ကျင့်ပေးရသည်။ အချို့အပင်များသည် ၁ ကြိမ် ၂ ကြိမ်ပြင်ရုံဖြင့် အစေးထွက်မန်း ရရှိလာသည်။ ၎င်းကို မန်းနပ်သွားသည်ဟု ခေါ်ကြသည်။ မန်းနပ်သွားမှ အစေးများ နေ့စဉ်မပြတ်ထွက်ရှိလာပါသည်။ထိုကဲ့သို့ လျှော်ဖြူပင်စည်အပေါ်အစေးကြောဖွင့် မန်းပြင်ပေးပြီး ၎င်းနေရာရှိ အခေါက်သားအတွင်းမှ အစေးများ နေ့စဉ်စိမ့်ထွက်လာနေမည်ဖြစ်ပါသည်။ အစေးများသည် ထွက်စမှာပင် ပျစ်ချွဲချွဲကပ်စေးစေးရှိပြီး ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ (၂၄) နာရီအတွင်း အစေးများ ပျစ်ခဲမာထန့်သွားသည်။ လေထုစိုထိုင်းဆများနေလျှင် အစေးများပျစ်ခဲမှု ကြန့်ကြာသည်။ မိုးရေနှင့်ထိလျှင် အစေးများ ပျော်ကျသွားသည်။ သို့ဖြစ်ရာ အပင်ပေါ်ရှိအစေးခဲများကို ရာသီဥတု (မိုး အခြေအနေ) ကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ တစ်ပတ်တစ်ကြိမ်ဖြစ်စေ ခွါယူသိမ်းဆည်းနိုင်ပါသည်။ (၂) ဆောက်ရိုက်နည်း ပင်စည်ပေါ်တွင် ဆောက်ခုံးငယ်ဖြင့် အ၀ိုင်းပေါက်ငယ်များပြုလုပ်၍ အစေးထုတ်ယူသည့်နည်းဖြစ်ပါသည်။ ပင်စည်၏ ဒူး၊ ခါး ခန့်အမြင့်ရှိသော နေရာမှစ၍ ငါးမူး၊ သုံးမတ်ဆိုက်အရွယ် အ၀ိုင်းပေါက်ငယ်များကို ပင်စည်ပတ်လည် နေရာလွှဲကာ တစ်ခုနှင့်တစ်ခု အကွာအဝေး ၁ ပေမှ ၁ ပေခွဲစီခြားလျက် အပေါက် ၅ ပေါက်မှ ၇ ပေါက်ခန့် ဖောက်ပေးရသည်။ အခေါက်ပြတ်ရုံ ဖောက်ပေးရသည်။ အချို့က လက်သမားသုံး “လွန်” ကိရိယာဖြင့် ဖောက်ကြသည်။ ၎င်းနည်းသည် ဓားထစ်နည်းလောက် ပင်စည်ဒဏ်ရာ ကြီးမားမှုမရှိပါ။ အပေါက်အရေအတွက်ကို ပင်စည်လုံးပတ်အရွယ်အစားအရ ချိန်ဆပြုလုပ်ပေးရမည်ဖြစ်သည်။ ပင်စည်ဖောက်ပြီး ၁ ပတ် ၂ ပတ်ခန့်အကြာ အပေါက်အတွင်း အသားနုတက်လာလျှင် အပေါက်အတွင်းသားများကို ထန်းနွေးဓါးကဲ့သို့ ဓါးငယ်ဦးချွန်ဖြင့် လှည့်ခြစ်လှီးပေးခြင်း (၀ါ) မျက်နှာသစ်ပေးခြင်းဖြင့် အစေးများ နေ့စဉ်ပုံမှန်ထွက်လာမည်ဖြစ်ပါသည်။ အစေးများပုံမှန်ထွက်ရေးအတွက် အပေါက်အတွင်း အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန် လိုအပ်ပြီး တစ်နည်းအားဖြင့် အသားနုကြမ်းမသွားရန်အတွက် အခြေအနေကြည့်၍ သုံးလေးရက်မှ တစ်ပတ် ၁ ကြိမ် မျက်နှာသစ် မန်းပြင်ပေးရသည်။ မန်းရာကြမ်းသွားပြီး အစေးထွက်ရပ်သွားလျှင် နေရာအသစ်ပြောင်းကာ ဖောက်ပေးရပါသည်။ မန်းပြင်ရာတွင် အပေါက်အတွင်း သစ်သားအမှိုက်များ မကျန်ရန် သန့်ရှင်းပေးရန်လိုအပ်သည်။ မိုးရာသီ၌ မိုးများစွာရွာသွန်းပြီးနောက် အစေးထုတ်ပေါက်များအတွင်း ရေတင်မကျန်ရန် သန့်ရှင်းပေးရသည်။ အပေါက်ကို အောက်ဘက်သို့ အနည်းငယ် စောင်းဖောက်ပေးရန်လိုအပ်သည်။ (၃) သပ်ထိုးနည်း ပင်စည်းအခေါက်အား ရဲဒင်း (သို့) ဆောက်ပြား (သို့) ဓါးအသုံးပြု၍ အကျယ် ၂ လက်မခွဲခန့် ရိုက်ဖြတ်ပြီး အပေါ်ခြမ်းအခေါက်နှင့် အူတိုင်အတွင်းသို့ အနေတော်သပ်တစ်ခုဖြင့် ၃ လက်မခန့်ဝင်အောင် ရိုက်သွင်းကာ သပ်အား ၁၂ နာရီမှ ၂၄ နာရီအကြာထည့်ထားလိုက်ရသည်။ သပ်ထိုးဒဏ်ရာမှ အစေးများထွက်လာပြီး တစ်ပတ်ခန့်အကြာတွင် အစေးများ ကောက်ယူနိုင်သည်။ ထို့နည်းတူ အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံ ရိုက်ဖြတ်၍ အခေါက်အားလှန်ထားခြင်းဖြင့်လည်း အစေးများထွက်လာစေသည်။ သပ်ပေါက်အရေအတွက်ကို အပင်၏ လုံးပတ်အရွယ်အစားအရ(၃) နေရာမှ (၅) နေရာခန့် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ (၄) အစေးထွက်လှုံ့ဆောက်ပစ္စည်းသုံးစွဲနည်း သဘာဝလျှော်ဖြူပင်များမှ အစေးရရှိရန် လက်ရှိလုပ်ကိုင်နေကြသော ဓါးထစ်အစေးထုတ်နည်းတွင် အများစုသည် ပင်စည်အား ဒဏ်ရာကြီးမားစွာ ပြုလုပ်လျက်နေရာများစွာမှ ကြိမ်ဖန်များစွာ အတိုင်းအဆမရှိ အစေးထုတ်ယူကြခြင်းဖြစ်ရာ အပင်ကြီးထွားမှုနှင့် မျိုးပွားမှုကို များစွာထိခိုက်ပြီး အပင်သေဆုံးသည်အထိ ဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ သဘာဝအပင်များကို အသက်အရွယ်မရွေးလွန်ကျူးစွာ ဓါးထစ်၊ အစေးထုတ်ယူမှုများကြောင့် အပင်သက်တမ်းမရှည်ကြပါ။ သို့ဖြစ်ရာ အပင်အားထိခိုက်မှုအနည်းဆုံးဖြင့် အစေးထွက်အများဆုံးရရှိနိုင်သော သိပ္ပံနည်းကျ အစေးထုတ်နည်းစနစ် (၀ါ) မှန်ကန်သည့် အစေးထုတ်နည်းစနစ်ဖြင့် ကျင့်သုံးလုပ်ကိုင်နိုင်ရန် အထူးလိုအပ်ပါသည်။ အိန္ဒိယနိုင်ငံ Madhya Pradesh နှင့် Andhra Pradesh ပြည်နယ်များတွင် အိန္ဒိယသစ်တောဌာနမှ ၁၉၉၅ ခုနှစ်က လျှော်ပင်နှင့် လျှော်နီပင်များ၌ အစေးထုတ်နည်းစနစ်ကို စမ်းသပ်ရှာဖွေခဲ့ရာ ပင်စည်အား အပေါက်ငယ်များဖောက်ပြီး အစေးထွက်လှုံ့ဆော်ပစ္စည်းဖြစ်သည့် Ethephon ခေါ် 2-chloroethyl Phosphonic acid သုံးစွဲခြင်းဖြင့် အစေးထွက်အများဆုံးရရှိသည်ကို တွေ့ရှိခဲ့ပါသည်။ Ethephon သုံးစွဲခြင်းဖြင့် သမာရိုးကျအစေးထုတ်နည်းထက် (၁၀) ဆခန့် အစေးပိုမိုထွက်ရှိသည့်အပြင် အစေးအရည်အသွေးသည်လည်း ပိုမိုကောင်းမွန်ကာ ဒဏ်ရာများကိုလည်း အလျင်အမြန် အသားပြန်ပိတ်သွားစေကြောင်း တွေ့ရှိရပါသည်။ Ethephon သုံးစွဲ၍ အစေးထုတ်ယူလုပ်ကိုင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပင်စည်အမြင့် ၃ ပေခန့်တွင် ပင်စည်ဖောက်ကိရိယာအသုံးပြု၍ အချင်း ၁ လက်မ၏ လေးပုံတစ်ပုံ (တစ်မတ်ဝိုင်းခန့်)၊ အနက် ၁ လက်မမှ ၁ လက်မခွဲခန့်ရှိ အပေါက်များကို ပင်စည်ပတ်လည်၌ တစ်ခုနှင့်တစ်ခု အကွာအဝေး ၈ လက်မမှ ၁၂ လက်မခန့် ထားရှိလျက် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်ပြီး အပေါက်အရေအတွက် ၇ ပေါက်မှ ၁၅ ပေါက်အထိ ပြုလုပ်ပေးရသည်။ ထိုသို့ဖောက်ပြီးလျှင် အပေါက်များအတွင်းသို့ (၂၈၅) မီလီဂရမ် တက်ကြွပစ္စည်းပါ Ethephon ဆေးရည် ၁ စီစီ (285 mg active substance in 1 mlgr) ထည့်သွင်းပေးခြင်းဖြင့် အစေးများ လေးငါးနာရီခန့်အကြာတွင် စိမ့်ထွက်လာကာ ၁ ပတ်အကြာတွင် အစေးကောက်ယူနိုင်သည်။ မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် အထက်ဖော်ပြပါနည်းစနစ်အတိုင်း ပြုလုပ်နိုင်ပြီး၊ သမာရိုးကျအစေးထုတ်နည်းစနစ်များတွင်လည်း Ethephon သုံးစွဲလုပ်ကိုင်နိုင်ပါသည်။ သတိပြုရန်မှာ ပင်စည်အစေးကြောဖြတ်ဒဏ်ရာပြုလုပ်ရာတွင် ပင်စည်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ပင်စည်လုံးပတ် ၁ ပေမှ ၁၅ လက်မလျှင် တစ်ပေါက်နှုန်းခန့်သာ ပြုလုပ်၍ Ethephon ကို ဆေးနှုန်းထားမှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါသည်။ မည်သည့်အစေးထုတ်နည်းစနစ် ကျင့်သုံးသည်ဖြစ်စေ အပင်အခြေအနေနှင့် အစေးထွက်အခြေအနေပေါ်မူတည်လျက် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လျှော်ဖြူပင်အစေးထွက်ဆေးအဖြစ် ရာဘာတွင်သုံးစွဲသည့် Vitax ကဲ့သို့ အစေးထွက်အားဆေးများကိုလည်း သုံးစွဲနိုင်ပါသည်။ အထက်ဖော်ပြပါအတိုင်း အစေးကြောဖွင့်ထားသောဒဏ်ရာ (မန်းရာ) မှ အစေးထွက်ရှိမှု အတိုးအလျော့အပေါ်မူ တည်လျက် (၅) ရက်မှ (၇) ရက်ခန့်ကြာတိုင်း ယခင်နည်းအတိုင်း ထပ်မံ၍ ဓါးဖြင့်လှီးပြင်ပေးရသည်။ အချို့က ၂ ရက်ခြား ၃ ရက်ခြား မန်းပြင်ပေးကြသည်။ အစေးမပြတ်ထွက်လာရေးအတွက် မန်းရာသည် အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန်လိုအပ်သဖြင့် မန်းရာအခြောက်မခံဘဲ (၀ါ) မန်းကျွတ် မန်းတင်မခံဘဲ အခြေအနေကြည့်၍ လိုအပ်သလို ပြုပြင်ပေးရသည်။ အစေးထွက်ရန် လက်ကြိုက်သည်ဟု ဆိုကြသည်။ အချို့အပင်များသည် ၂ ပတ် ၃ ပတ်ကြာအထိ မန်းပြင်စရာမလိုဘဲ အစေးမပြတ်ထွက်လာသည်လည်းရှိသည်။ အချို့က ဆောက်ငယ်ဖြင့် မန်းရာအား အနည်းငယ်ထိုးဖဲ့ပေးကြသည်။ အချို့က ဓါးစူးချွန်ဖြင့် အနည်းငယ်ထိုးဆွပေးကြသည်။ မည်သို့ပင်ဖြစ်စေ အစေးထွက်ပုံမှန်ရရှိရန် မန်းပြင်ပေးသူ၏ နားလည်ကျွမ်းကျင်မှု လိုအပ်ကြောင်းတွေ့ရှိရပါသည်။ ဤသို့ဖြင့် လျှော်ဖြူပင်၏ အစေးထုတ်ဒဏ်ရာအား အကြိမ်ကြိမ်ပြုပြင်လျှက် အစေးများပုံမှန်ထုတ်ယူနေရာမှ အသီးများ ရင့်မှည့်ချိန် ခြောက်သွေ့ရာသီရောက်ရှိလျှင် အစေးထွက် ဆုတ်သွားသဖြင့် မန်းပြင်မှုမပြုလုပ်တော့ဘဲ ရပ်နားကြသည်။ အချို့ဒေသများတွင် အပင်အားအနားမပေးဘဲ ဆက်လက်မန်းပြင် အစေးထုတ်ယူကြသည်လည်းရှိသည်။ လျှော်ဖြူပင်စည်အား အစေးထုတ်မန်းပြင်ခြင်းရပ်နားပေးလိုက်သည်နှင့် မူလဒဏ်ရာသည် ၆ လမှ ၇ လအကြာတွင် ကျီးပေါင်းတက်၍ အသားပြန်ပိတ်သွားသည်။ နောက်ရာသီ၌ မူလဒဏ်ရာဟောင်းအပေါ်မှသော်လည်းကောင်း အပေါ်ပိုင်းသို့ နေရာပြောင်း၍လည်းကောင်း ဆက်လက်အစေးထုတ်ယူကြသည်။ လျှော်ဖြူပင်၏ ပင်စည်လုံးပတ်ကြီးများလျင် အပင်ကိုင်းတက်များအထိ တက်ရောက်အစေးထုတ်ယူကြသည်။ ပင်စည်အပေါ်ပိုင်းနေရာများတွင် အစေးပိုမိုထွက်လေ့ရှိသည်။ မှတ်ချက် - အွန်လိုင်းမှ အလွယ်တကူလေ့လာနိုင်ရန်အတွက်သာရည်ရွယ်၍ ဆရာခင်မောင်ဝင်း (စက်မှုသီးနှံ) ၏ စာအုပ်ကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ လျှော်ဖြူအမှန်တကယ်စိုက်ပျိုးလိုသူအားလုံး၏ လက်ဝယ်တွင် အစဉ်သဖြင့် ကိုင်စွဲထားသင့်သည့် စာအုပ်ဖြစ်ပါ၍ မူရင်းစာအုပ်ကို ရှာဖွေဝယ်ယူ ဆောင်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

သင်္ဘောသီးပင်စိုက်ပျိုးနည်း

သ‌ဘောင်္စိုက်‌ပျိုးနည်း #‎ မြန်မာအမည်-သင်္ဘောသီး အင်္ဂလိပ်အမည်-Papaya ရုက္ခဗေဒအမည်-Carica papaya မျိုးရင်းအမည်-Caricaceae ၁။မူရင်းဒေသ သင်္ဘောပင်၏မူရင်းဒေသမှာ တောင်အမေရိက၊မြောက်အမေရိကတိုင်းပြည်များနှင့် အနောက်အိန္ဒိယကျွန်းစုဟုယူဆကြပါသည်။ ၂။စိုက်ပျိုးသည့်ဒေသများ သင်္ဘောပင်သည် အပူပိုင်းစားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။ ၃။သင်္ဘောမျိုးများ သင်္ဘောပင်တွင် အဖိုပင်၊အမပင်နှင့်လိင်စုံပင် အဓိကသုံးမျိုးရှိသည်။ အဖိုပင်မှအသီးသီးသည်ကိုတွေ့ရခဲသည်။ အမပင်နှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိသည်။ (က)အဖိုပင် အဖိုပင်မှာ များသောအားဖြင့်ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်ပါသည်။ အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်း အပင်ကိုထိခိုက်ဒဏ်ရာရခြင်း၊ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင်အမပွင့်များပြောင်းလာကာ အသီးငယ်များသီးလာတတ်သည်။ ဤအပင်မျိုးကိုသင်္ဘောပဒေသာဟုခေါ်သည်။ (ခ)အမပင် အမပွင့်သီးသန့်ပွင့်၍ပွင့်သီးလေ့ရှိသည်။ ထို့ကြောင့် မျိုးအောင်ရန်အတွက် အခြားအပင်မှဝတ်မှုန်ကူးပေးရသည်။ ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် အပွင့်ပုံသဏ္ဌာန်နှင့်သဘာဝ ပြောင်းလဲမှုမရှိချေ။ (ဂ)လိင်စုံပင်-(Hermaphrodite) အပွင့်ပွင့်ရာတွင် ပွင့်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပွင့်ပွင့်တတ်သည်။ အပွင့်များတွင် အမအင်္ဂါ(ovary)နှင့်အဖိုအင်္ဂါ( stamen)များပါသည်။ ရာသီဥတုပေါ်မူတည်၍ အဖိုပွင့်၊အမပွင့်များရော၍ပွင့်လာတတ်ကြသည်။ ရာသီဥတုအလိုက် အပွင့်၏ပုံသဏ္ဌာန်နှင့်သဘာဝ အနည်းငယ်အပြောင်းအလဲရှိသည်။ ထို့အတူ အသီး၏ ပုံသဏ္ဌာန်နှင့်သဘာဝလည်း အနည်းငယ်ပြောင်းလဲလာသည်။ ၄။ရေမြေရာသီဥတု သင်္ဘောပင်သည် ပူနွေးစွတ်စိုသောရာသီဥတုကိုကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတွင် ပေ ၃၀၀၀ အထက်မြင့်ပြီး(ဒေသများတွင်) ဆောင်းဥတုတွင်အအေးဓာတ်များခြင်း၊ ဆီးနှင်းကျခြင်းကြောင့်အပင်များသေသွားတတ်ပါသည်။ သင်္ဘောပင်သည် မြေသြဇာထက်သန်ပါက မြေအမျိုးအစားမရွေးဖြစ်ထွန်းသည်။ မြေသြဇာထက်သန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ စနယ်မြေစေး၊ရေဝပ်သောမြေနှင့် မြေအောက်ရေမျက်နှာပြင်နီးသောနေရာများတွင် ကောင်းစွာမဖြစ်ထွန်းနိုင်ချေ။ ၅။ပျိုးထောင်နည်း သင်္ဘောပျိုးပင်ကို များသောအားဖြင့် အစေ့မှပျိုးထောင်၍စိုက်ပျိုးကြသည်။ အချို့သောအပင်များသည် တစ်ခါတစ်ရံအတက်များထွက်တတ်ရာ ယင်းအတက်ကို အရင်းပိုင်းအဖုလေးပါအောင်ဖြတ်ယူပြီး အမြစ်ဖောက်၍စိုက်ပျိုးနိုင်သည်။ သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင်၊ပျိုးသေတ္တာ၊ပျိုးခြင်းတောင်း၊ ပလတ်စတစ်အိတ်တို့ကိုအသုံးပြုနိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊သဲ၊မြေကြီးတို့ကို ဆတူနှုန်းဖြင့်ရောမွှေထားသော မြေမျိုးဖြစ်ရန်လိုသည်။ သင်္ဘောစေ့ကိုပျိုးထောင်ရာတွင် မြေနက်နက်ဖုံးမိလျှင် အစေ့ပုပ်သွားပြီး အပင်ပေါက်ညံ့ဖျင်းတတ်သည်။ သင်္ဘောစေ့ကို ပျိုးဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်း(၆)လက်မထား၍ တစ်ပင်နှင့်တစ်ပင်(၄)လက်မခန့်ထားပြီး ပျိုးထောင်ရသည်။ အပေါ်မှကောက်ရိုးပါးပါးဖုံး၍ ရေလောင်းပေးရသည်။ တစ်ဧကစိုက်ပျိုးခင်းအတွက် မျိုးစေ့(၁၅၀-၂၀၀)ဂရမ်ခန့်လိုသည်။ သင်္ဘောပျိုးပင်များတွင် အမပင်(၄၀-၆၀) %အထိ ပါရှိတတ်သည်။ အဖိုပင်သည် အမပင်ထက်ပို၍သန်စွမ်းတတ်ကြသည်။ သင်္ဘောစိုက်ပျိုးသူအချို့က ပျိုးထောင်ရာတွင် သွပ်ပြားကိုအောက်မှခံပြီး ယင်းပေါ်တွင် မြေသား(၄)လက်မခန့်အထူထည့်၍ ပျိုးထောင်လေ့ရှိသည်။ အဖိုပင်သည် အမပင်ထက်သန်စွမ်းသောကြောင့် အမြစ်သည် အောက်တွင်ခံထားသောသွပ်ပြားနှင့် မြန်မြန်ထိလွယ်ပေရာ ပြောင်းရွှေ့ စိုက်ပျိုးချိန်တွင် အဖိုပင်များသည်ညှိုးနွမ်းနေလေ့ရှိသည်။ အဖိုပင်နှင့်အမပင်ခွဲခြားရာတွင် ဤနည်းကို အများဆုံးအသုံးပြုကြသည်။ ပျိုးသက် တစ်လခွဲမှနှစ်လသားခန့်ရှိလျှင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်နိုင်ပြီဖြစ်သည်။ ၆။မြေပြုပြင်နည်း စိုက်ကျင်းတူးမည့်နေရာသည် ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။ စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာ မျိုးကိုလိုက်၍(၈-၁၂)ပေအထိထားသင့်သည်။ မိုးများသောဒေသများတွင် တစ်ပေပတ်လည် ကျင်းတူးသင့်သည်။ စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး(သို့)သစ်ဆွေးမြေသြဇာစသည့် သဘာဝမြေသြဇာများကို ခွဲတောင်းတစ်လုံးခန့်ထည့်ပေးရသည်။ သင်္ဘောပင်ကိုစိုက်ပျိုးရာတွင် လေးကွက်ကျားစနစ်(သို့)ဖိုခနောက်ဆိုင်စနစ်ဖြင့် စိုက်လေ့ရှိသည်။ ဖိုခနောက်ဆိုင်စနစ်ဖြင့်စိုက်ပါက အပင်အရေအတွက် (၁၅)%ပို၍ဝင်ဆန့်သည်။ လေးကွက်ကြားစနစ်ဖြင့်(၈×၈)ပေအကွာစိုက်ပါက တစ်ဧကတွင် သင်္ဘောပင်(၆၈၀)ခန့်ဝင်၍ (၁၂×၁၂)ပေစိုက်လျှင် တစ်ဧကတွင်(၃၀၁)ပင် ဝင်ဆန့်မည်။ ၇။ရွှေ့ ပြောင်းစိုက်ပျိုးနည်း အသင့်ပြင်ထားသောစိုက်ကျင်းများ၌ လိင်စုံမျိုး(Hermaphrodite)ပျိုးပင်များကို တစ်ကျင်းလျှင် တစ်ပင်ကျစိုက်၍ အဖိုအမ၊မသေချာသည့်ရိုးရိုးမျိုးဖြစ်ပါက တစ်ကျင်းလျှင် နှစ်ပင်စိုက်ရသည်။ သတိပြုရန်မှာ ပင်စည်ပိုင်းကိုမြေထဲမြုပ်အောင် မစိုက်မိရန်ဖြစ်သည်။ စိုက်ပြီးလျှင်ရေဝလင်အောင်လောင်းပေးရသည်။ ပျိုးမထောင်ဘဲ အစေ့ကိုတိုက်ရိုက်စိုက်မည်ဆိုလျှင် စိုက်ကျင်းထဲသို့ အစေ့များများထည့်စိုက်ရသည်။ စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါက ဝတ်မှုန်ကူးရန်အတွက် အမပင်(၂၀)လျှင် အဖိုပင်တစ်ပင်နှုန်း ထားပေးရသည်။ ၈။အပင်ပြုစုနည်း ရွှေ့ ပြောင်းစိုက်ပျိုးပြီးနောက်တစ်ပတ်အတွင်း အပင်သေများရှိလျှင် ချက်ချင်းအစားထိုးစိုက်ပေးပါ။ စိုက်ပြီးစနှစ်ပတ်အတွင်း ရေကိုနေ့စဉ်လောင်းပေးရန်လိုအပ်ပါသည်။ ရေလောင်းရာတွင် အပင်ငယ်များပေါ်သို့ ရေလုံးရေပေါက်များ အားအင်အရှိန်ဖြင့်မကျစေရပါ။ စိုက်ခင်းတွင်ပေါင်းမရှိစေရန်နှင့် အပင်ခြေရင်း၌ရေမဝပ်စေရန် အထူးဂရုစိုက်ရပါသည်။ ၉။မြေသြဇာကျွေးနည်း ရွှေ့ ပြောင်းစိုက်ပြီး အမြစ်စွဲသည့်အချိန်မှစ၍ (၆)လတစ်ကြိမ် စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေးတစ်တောင်းခန့်ကျွေးရပါသည်။ နွားချေးဆွေးမြေသြဇာကျွေးချိန်တွင် တစ်ဧကလျှင် ယူရီးယား(၁၂)ပေါင် တီစူပါ (၂၄၀)ပေါင် ပိုတက်ရှ်(၂၄၀)ပေါင် နှုန်းကျွေးပေးရသည်။ ဓာတ်မြေသြဇာများကျွေးရာတွင် အမြစ်များသွားသည့်အကွာအဝေးထိ အနှံ့ပက်ကြဲပေးရသည်။ အမြစ်များသည် အပင်မြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကြသည်။ ဓာတ်မြေသြဇာကျွေးပြီးချိန်တွင် ရေဝလင်အောင်လောင်းပေးရန် လိုအပ်သည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သောမြေများတွင် သင်္ဘောပင်အောက်ရွက်များဝါလာခြင်း၊ အသီးတွင်သကြားဓာတ်နည်းသွားခြင်းနှင့် အနံ့အရသာ သိသိသာသာညံ့ဖျင်းသွားခြင်းတို့ ဖြစ်တတ်သည်။ ထိုသို့ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မှုဖြစ်ပါက မဂ္ဂနီစီယမ်ဆာလ်ဖိတ်(ဓာတ်ဆား)ကိုရေဖျော်၍ အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။ ၁၀။ဆွတ်ခူးခြင်းနှင့်အထွက် စိုက်ခင်းသို့ပြောင်းရွှေ့ စိုက်ပြီး (၄-၅)လကြာလျှင် ပန်းစပွင့်၍ (၆)လကြာလျှင် အသီးစတင်သီးသည်။ သုံးနှစ်သားအရွယ်အထိ အသီးအထွက်ကောင်းသည်။ မျိုးကိုလိုက်၍ တစ်ပင်လျှင်အသီး(၅၀-၁၀၀)အထိသီးနိုင်သည်။ သင်္ဘောပင်များကို (၈)ပေလေးကွက်ကျားစနစ်ဖြင့်စိုက်ပါက သင်္ဘောတစ်ပင်သည် ပျမ်းမျှအသီး(၇၀)ခန့်သီးလျှင် တစ်ဧကမှအသီးပေါင်း(၄၇၆၀၀)ရနိုင်သည်။ Source:သစ်သီးဝလံစိုက်ပျိုးနည်း""