Monday, September 8, 2014

လျှော်ဖြူစိုက်ပျိုးခြင်း

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် “ပြည်တွင်းစားသုံးမှုဖူလုံရေး” “လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားငွေရရှိရေး” “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် ဦးတည်ချက် ၃ ရပ်ချမှတ်ထားပါသည်။ ၎င်းဦးတည်ရည်မှန်းချက်များအောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၅) ရပ်တွင် “စိုက်ပျိုးမြေသယံဇာတများဖော်ထုတ်အသုံးချရေး” လုပ်ငန်းစဉ်တစ်ရပ် ပါဝင်လျှက်ရှိသည်နှင့်အညီ ပုဂ္ဂလိကအသေးစား၊ အကြီးစားလုပ်ငန်းများအား နိုင်ငံတော်မှ မြေယာသစ်များ တိုးချဲ့ဖော်ထုတ်၍ လုပ်ပိုင်ခွင့်များ ချမှတ်ပေးနေသော်လည်း ငွေကြေး၊ ပစ္စည်း၊နည်းပညာနှင်အခြားအခြေအနေအခက်အခဲအမျိုးမျိုးကြောင့်ရာနှုန်းပြည့်အသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသည့် မြေလွတ်မြေလပ်များစွာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ကျန်ရှိနေပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံအနှံ့အပြားရှိ မြေယာအသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသေးဘဲ ကျန်ရှိနေသည့် မြေလွတ်မြေလပ်၊ မြေအမျိုးအစားတွင် ငွေကြေးအရင်းအနှီးအနည်းငယ်ဖြင့် လူတိုင်းလွယ်ကူစွာ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် လျှော်ဖြူပင်စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ မြေယာအသုံးချမှုကဏ္ဍ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပြည်ပပို့ကုန်အမယ်သစ်တစ်မျိုး ရရှိလာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လျှော်ဖြူပင်စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို သိရှိလေ့လာနိုင်ကြစေရန် မိတ်ဆက်ပေးတင်ပြခြင်းဖြစ်ပါသည်။ အမျိုးအစားခွဲခြားခြင်း သိပ္ပံအမည် - Streculia versicolor Wall, Sterculia vermicolor Wall မြန်မာအမည် - လျှော်ဖြူပင်၊ ဆေးကုလားမပင် အင်္ဂလိပ်အမည် - မရှိ မျိုးစဉ် - Malvales မျိုးရင်း - Sterculioideae မျိုးစု - Sterculia မျိုးစိတ် - Sterculia versicolor ရုက္ခဗေဒသွင်ပြင်လက္ခာများ အပင်သရုပ် လျှော်ဖြူပင်သည် သဘာဝအားဖြင့် ပင်စည်အမြင့် ၅၀ ပေမှ ၉၀ ပေနှင့် လုံးပတ် ၆ ပေမှ ၁၀ အထိရှိပြီး ရှင်းလင်းသော အကိုင်းများဖြင့် ဖွဲ့စည်းထားသည့် နှစ်ရှည်ပင် အပင်ကြီးအမျိုးအစားဖြစ်ပါသည်။ ရွက်ကြွေပင်အမျိုးအစားဖြစ်ပြီး နွေရာသီ၌ အရွက်ကင်းမဲ့လေ့ရှိသည်။ ပင်စည်အခေါက်သည် မီးခိုးဖြူရောင်၊ ဖြူမွဲရောင်ရှိတတ်ပြီး အခေါက်အသားအတွင်းတွင် လျှော်မျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ပင်စည်အစိတ်အပိုင်းများအားလုံး၌ အစေးများရှိပြီး အခေါက်အပိုင်းအတွင်း၌ အစေးအများဆုံး တည်ရှိနေပါသည်။ အစေးများတည်ရှိနေသည့် အကျိအချွဲ မြောင်းများနှင့် သိုလှောင်အိပ်များသည် အခေါက်အတွင်းပိုင်းနှင့် အစာကြောတွင်လည်းကောင်း၊ အသားတိုးလွှာတွင်လည်းကောင်း၊ အရစ်လိုက်ဖွဲ့စည်းတည်ရှိနေပါသည်။ အရွက် လျှော်ဖြူပင်၏အရွက်သည် ရွက်မွှာ (၅) မှ (၇) ရွက်ရှိသော လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ရွက်လွှဲထွက်ကာ ရွက်ရင်းဖု သိသာထင်ရှားသည်။ ရှူးချွန်ပုံ ရွက်ညှာအစုံလိုက်ရှိပြီး ကြွေလွယ်သည်။ ရွက်မွှာများသည် ဘဲဥရှည်သွယ်ပုံရှိပြီး ထိပ်ပိုင်းချွန်လျှက် အပေါ်မျက်နှာပြင် ပြောင်ချောနေသည်။ အရွက်အောက်မျက်နှာပြင် ကြမ်းတမ်းကာ ရွက်ကြောများ ထင်ရှားစွာရှိသည်။ အမြစ် ထူးခြားချက်မှာ အပင်ငယ်စဉ်မှစတင်၍ အမြစ်တွင် ထပ်ပွားကြီးထွားမှုနှင့်အတူ အစာသိုလှောင်သည့် အသားထူတစ်ရှူးအစိတ်အပိုင်းများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ပန်းခိုင်၊ ပန်းပွင့် ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး အရေအတွက် (၄၀) မှ (၈၀) အထိပါရှိသော ပန်းပွင့်ငယ်ကလေးများသည် အဆုံးမရှိ ပန်းခိုင်ပေါင်းအဖြစ် ဖွဲ့စည်းတည်ရှိပါသည်။ ပန်းခိုင်ပေါ်တွင် ကြယ်ပုံ အမွှေးများ ထူထပ်စွာတည်ရှိနေသည်။ အပွင့်များသည် လိင်ရှုပ်ပွင့်များဖြစ်ကာ အဖိုပွင့်များနှင့် လိင်စုံပွင့်များ ပွင့်ကြသည်။ လိင်စုံပန်းတစ်ပွင့်လျှင် မအင်္ဂါငယ်အစေ့အိမ်ခန်း ၅ ခန်းပါရှိသည်။ အဖိုပန်းပွင့်၏ ဖိုအင်္ဂါအုံတွင် ၁၂ ခုမှ ၁၅ ခုရှိ ၀တ်ဆံတိုင်များသည် အခြေတွင် ပေါင်းစုနေကြသည်။ ပွင့်ဖတ်သည် ခေါင်းလောင်းပုံရှိပြီး ပွင့်ချပ်အုံ မပါရှိပါ။ ပန်းပွင့်များသည် သင်းပျံ့သည့် အနံ့ရှိကာ နုစဉ်အ၀ါရောင်ရှိ၍ ရင့်လာချိန်၌ အ၀ါရင့်ရောင်ပြောင်းလဲသွားသည်။ အသီးနှင့်အစေ့ လျှော်ဖြူပင်၏အသီးမှာ ပန်းတစ်ပွင့်မှ အသီးငယ် ၄ ခုမှ ၆ ခုအထိပါရှိသော ခွံမာအက်ကွဲသီးခေါ် အမြောင်းကွဲအသီးစု အမျိုးအစားဖြစ်ပါသည်။ အသီးငယ်တစ်ခုသည် ထုလုံးချွန်ပုံဖြင့် အတွင်းသို့ကွေးနေကာ အမွှေးကြမ်းများ ဖုံးအုပ်ထားသည်။ နုစဉ် စိမ်းဝါရောင်ရှိပြီး နောက်ပိုင်းရင့်လာချိန် ကော်ဇောနီရောင်ပြောင်းလဲသွားသည်။ ၅ စေ့မှ ၇ စေ့ ရှိ အစေ့များသည် အသီးငယ်တစ်ခုအတွင်း ချက်တိုင်တစ်လျှောက်တွင် အတန်း ၂ တန်းဖြင့် တွယ်ကပ်နေသည်။ အစေ့များ ချောမွတ်ကာ အညိုရင့်ရောင်ရှိသည်။ အစေ့ကိုလှော်၍ စားသုံးနိုင်သည်။ ပွင့်သီးချိန် လျှော်ဖြူပင်များသည် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပန်းများပွင့်လေ့ရှိပြီး ဒီဇင်ဘာမှ မတ်လအထိ အသီးများကြီးထွားရင့်မှဲ့ကြသည်။ ပန်းပွင့်ချိန်ရာသီတွင် တစ်ပင်လုံးအရွက်များ အ၀ါရောင်ဖျော့သွားပြီး အသီးရင့်ချိန်၌ အရွက်များကင်းမဲ့နေကာ အပင်ပေါ်တွင် နီရဲနေသော သီးခိုင်၊ သီးစုများကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ အသုံးဝင်မှု လျှော်ဖြူပင်မှာထုတ်ယူရရှိသော အစေခဲခြောက်များအား လျှော်ဖြူစေ (၀ါ) ဆေးကုလားမ (Myanmar Sterculia gums) ဟုခေါ်ကာ ပြည်တွင်း၌ ၎င်းကို ရေခဲမုန့်၊ ဂျယ်လီမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စသည့် မြန်မာ့ရိုးရာအဖျော်စားသောက်ကုန် လုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲကြသည့်အပြင် တိုင်းရင်းဆေး၌ ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးအဖြစ် ဆေးဝါးအသွင် အသုံးပြုကြပါသည်။ ပင်စည်အခေါက်မှ လျှော်မျှင်များစွာထုတ်ယူရရှိ၍ ကြိုးအမျိုးမျိုးပြုလုပ်သုံးစွဲကြပြီး ပင်စည်အသားကို ခွဲစိတ်ကာ သစ်ပွသားအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။ လျှော်ဖြူပင်အပါအ၀င် လျှော်ပင်၊ လျှော်နီပင်စသည့် ၎င်းမျိုးရင်းဝင်အပင်များမှ ရရှိသော အပင်ထွက်အစေးများကို အိန္ဒိယနိုင်ငံမှ အများဆုံးထုတ်လုပ်ထွက်ရှိပြီး ၎င်းတို့ကို Gum sterculia, Gum Karaya, Gum Kadaya, Indian tragacanth ဟုခေါ်ဝေါ်ကြသည်။ ၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။ ၎င်းအစေးများသည် galactan gelose ပါဝင်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်ဝင်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီဝပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။ ဖော်ပြပါထူးခြားသည့်ရုပ်နှင့် ဓါတ်ဂုဏ်သတ္တိများကြောင့် လျှော်မျိုးရင်းဝင် အပင်ထွက်စေးများကို ကမ္ဘာပေါ်ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။ ၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍ သုံးစွဲကြပြီး အထူးသဖြင့် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှုလက်မှုလုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။ ယခုအခါ လျှော်ဖြူစေးကို ကားမှန်များ (Glass Fiber) ထုတ်လုပ်ရာတွင် ရောနှောကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရန် ကမ္ဘာကျော်ကားကုမ္ပဏီအချို့သည် မြန်မာပြည်တွင်း၌ စက်ရုံတည်ရန် ကုန်ကြမ်းနှင့်နေရာရှာဖွေလျက်ရှိပါသည်။ မြန်မာ၊ အိန္ဒိယ တိုင်းရင်းဆေးများတွင် လျှော်ဖြူစေး (၀ါ) Gum sterculia (သို့) Gum Karaya ကို အမှုန့်ပြုလုပ်ပြီး ၀မ်းနှုတ်ဆေး၊ ၀မ်းချူဆေး၊ အနာကျတ်ဆေး၊ ကာမစိတ်ကြွဆေးအပြင် သွားဖာ သွားကပ်ဆေးများအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အရေပြားနှင့် အနာရောဂါပြု ဘတ်တီးရီးယားပိုးများစွာကို ကာကွယ်ပေးနိုင်သဖြင့် ဆေးဂျယ်လီ၊ ဆေးပလာစတာ၊ ဆေးပတ်တီး၊ အရေပြားလိမ်းဆေးများအဖြစ် ပြုလုပ်သုံးစွဲကြသည်။ လေ့လာစမ်းသပ်မှုများအရ မြန်မာနိုင်ငံထွက် လျှော်ဖြူစေသည် ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် အိန္ဒိယမှ မှာယူတင်သွင်းနေရသော အပင်ထွက် အစေးတစ်မျိုးဖြစ်သည့် Gum tragacanth နေရာတွင် အစားထိုးသုံးစွဲနိုင်ကြောင်း သိရှိရပါသည်။ ပေါက်ရောက်ပျံ့နှံ့မှု လျှော်ဖြူပင်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးရိုးမတောင်တန်းများအပြင် အနောက်ရိုးမအစပ် တောင်တန်းများနှင့် ရှမ်းရိုးမအစပ် တောင်တန်းများပေါ်တွင် အများဆုံးတွေ့ရှိရသည်။ အန္ဒိယနိုင်ငံ အရှေ့ဘက်တောင်တန်းဒေသများတွင်လည်း တွေ့ရှိရသည်။ အပူပိုင်းဒေသကြိုက်အပင် အမျိုးအစားဖြစ်ပါသည်။ မျိုး မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများတွင် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက်အဖြူပင်နှင့် အညိုပင် စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝအခြေအနေအပြင် အပင်ပုံပန်းသဏ္ဌာန်ကွဲပြားခြားနားမှုမရှိသဖြင့် လျှော်ဖြူတစ်မျိုးတည်းပင် ဖြစ်ပါသည်။ သို့သော်လည်း လျှော်ဖြူပင်နှင့်မျိုးနွယ်တူ မျိုးစိတ်ကွဲအပင်များရှိနေပြီး ၎င်းတို့မှာ လျှော်နီ၊ ဒုန်လျှော်၊ လျှော်ဝါ၊ ဘန်လျှော်၊ လျှော်အ၊ လျှော်ပင်တို့ဖြစ်ပါသည်။ အစေးထွက်ရှိမှုနှင့် အစေးသဘာဝများ တူညီကြသော်လည်း မြန်မာလျှော်ဖြူပင်မှရရှိသည့် အစေးသည် ဖြူဆွတ်နေပြီး လျှော်နီ၊ လျှော်ဝါနှင့် လျှော်ပင်များမှရရှိသော အစေးများသည် နီဝါရောင် အနည်းငယ်သန်း၍ ပြည်တွင်းဈေးကွက်၌ လျှော်ဖြူစေးကဲ့သို့ ဈေးမရပေ။ အိန္ဒိယနိုင်ငံတွင်မူ ဖော်ပြပါ လျှော်ပင်၊ လျှော်နီပင်များမှ အဓိကထား၍ (Gum Karaya) အဖြစ် အစေးထုတ်ယူကြပါသည်။ မြေအမျိုးအစားနှင့် ရာသီဥတု လျှော်ဖြူပင်သည် ရေ၀ပ်သည့်မြေ၊ ရေစီးရေလာညံ့သော မြေများမှလွဲ၍ မြေအမျိုးအစားအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ထုံးဓါတ်ပါသည့် ကျောက်စရစ်မြေ၊ သဲဆန်မြေ၊ နုံးစနယ်မြေများကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရပါသည်။ လျှော်ဖြူပင်သည် အပူကြိုက်အပင်အမျိုးအစားဖြစ်ပြီး မြန်မာပြည်ဒေသ အနှံ့အပြား သဘာဝအလျောက် ပေါက်ရောက်ခြင်းကြောင့် မြန်မာပြည်ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အမြင့်ပေ ၂၀၀၀ ကျော်ပြီး စိုစွတ်အေးမြသည့် ဒေသများနှင့် လေထအမြင့်ပေ ၂၀၀၀ ကျော်ပြီး စိုစွတ်အေးမြသည့် ဒေသများနှင့် လေထုအစိုဓါတ်များသော ဒေသများတွင် အစေးထုတ်ယူမှု အခက်အခဲရှိနိုင်သဖြင့် စီးပွားဖြစ် မစိုက်ပျိုးသင့်ပါ။ မိုးရေချိန်များသည့်ဒေသများတွင် စိုက်ပျိုးလိုလျှင် တောင်စောင်း ဆင်ချေလျှော်နေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ပူပြင်းခြောက်သွေ့ကာ မိုးရေချိန် (၁၀၀) လက်မနှင့် ၎င်းအောက်ရရှိသည့် မြေလတ်ပိုင်းဒေသများ မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးရန် ပိုမိုသင့်လျှော်ပါသည်။ လျှော်ဖြူပင်စိုက်ခင်း တည်ထောင်လုပ်ကိုင်ခြင်း လျှော်ဖြူ ပျိုးပင်ူအား အကိုင်းဖြတ်ကိုင်းထိုးနည်းဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သော်လည်း ၎င်းအပင်များသည် ရေသောက်မြစ်အားနည်းပြီး လေဒဏ် ခံနိုင်ရည်မရှိသဖြင့် အစေ့မှသာ ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ အစေ့မှပျိုးထောင်စိုက်ပျိုးရာတွင် မြေဆွေးပါ ပျိုးအိတ်များတွင် မျိုးစေ့တိုက်ရိုက်ထည့်ကာ ပျိုးသက် (၂ လ ၃ လ) အရွယ်၊ အရွက်သုံးစုံခန့်ရှိချိန်တွင် မြေချစိုက်ပျိုးနိုင်ပါသည်။ သဲဘောင်တွင် မျိုးစေ့အညှောင့်ဖောက်ပြီး အရွက်နှစ်စုံထွက်လာလျှင် ပျိုးအိတ်သို့ ရွှေ့ပြောင်းပျိုးထောင်ပေးနိုင်သည်။ ပျိုးအိတ်တွင် အမြစ်များမြန်ဆန်စွာ ဖောက်ထွက်မြေစွဲသဖြင့် အိတ်တွင် ပျိုးသက် (၅ လ) ထက် ပိုမထားသင့်ပါ။ မြေဘောင်များဖြင့်လည်း ပျိုးထောင်နိုင်ပြီး အမြစ်ဥ ကောင်းစွာ (မုံလာဥအရွယ်ခန့်) ဖြစ်ပေါ်လာသည်အထိ ပျိုးသက် (၆ လ) မှ (၁ နှစ်ခွဲ) ခန့်အထိ ထားရှိ၍ နှုတ်ယူရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။ ပျိုးထောင်စဉ် ပျိုးပင်များရေ၀ပ်ဒဏ်မခံနိုင်သဖြင့် ပျိုးခင်းတွင် ရေမများရန် အထူးလိုအပ်ပါသည်။ စိုက်ပင်အရေအတွက် တစ်ဧကလျှင် လျှော်ဖြူအပင်ရေ (၁၅၀) မှ (၃၀၀) ပင်ခန့်အထိ ထားရှိစိုက်ပျိုးနိုင်ပါသည်။ တောင်ကုန်းစောင်းများတွင် အပင်အရေအတွက် ပိုမိုစိုက်ပျိုးနိုင်ပါသည်။ ဖော်ပြပါအပင်အရေအတွက်ရရှိရန် ပင်ခြား တန်းခြား အကွာအဝေးကို ၂၅ ပေ x ၁၂ ပေ၊ ၃၀ ပေ x ၁၀ ပေ၊ ၂၀ ပေ x ၁၀ ပေ၊ ၁၅ ပေ x ၁၅ ပေ၊ ၁၅ ပေ x ၁၂ ပေ၊ ၁၂ ပေ x ၁၂ ပေ စသည်ဖြင့် နှစ်သက်ရာအကွာအဝေးထားရှိနိုင်ပြီး အပင်ငယ်စဉ် နှစ်သက်ရာကြားသီးနှံ ရာသီပင်များထည့်သွင်း စိုက်ပျိုးနိုင်ပါသည်။ ခြံစည်းရိုးစိုက်ပင်များကိုမူ (၇ ပေ သို့မဟုတ် ၁၀ ပေ) ခြား၍ စိပ်စိပ်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးခြင်းနှင့် ပြုစုခြင်း မိုးရာသီအတွင်း အချိန်မီမြေချစိုက်ပျိုးရပြီး အပင်ရှင်သန်ဖြစ်ထွန်းလွယ်သဖြင့် အလွယ်တကူ စိုက်ပျိုးလုပ်ကိုင်နိုင်သော်လည်း စိုက်ကျင်းများကို ၁ ပေခွဲမှ ၂ ပေအထိ ကောင်းစွာ တူးလျှက် မြေဆွေးမြေသြဇာများ ထည့်သွင်းပြီး စနစ်တကျ ကြိုတင်ပြင်ဆင်စိုက်ပျိုးလျှင် အပင်ကြီးထွားမှု ပိုမိုမြန်ဆန်စေပါသည်။ ထိုနည်းတူ သာမန်ပြုစုထိန်းသိမ်းပေးခြင်းဖြင့် အပင်များသည် ပုံမှန်ကြီးထွားလာမည်ဖြစ်သော်လည်း အပင်ငယ်စဉ် ပေါင်းမြကက်သုတ်သင်ပေးခြင်း၊ လိုအပ်သည့် မြေသြဇာများကျွေးမွေးခြင်း၊ ကြားထွန်ဝင်ပေးခြင်း၊ မိုးရေနှင့် အစိုဓာတ်ထိန်းသိမ်းပေးခြင်း (ကောက်ရိုး၊ မြက်ခြောက်များ တန်းကြားထူထူအုပ်ခြင်း) စသည့် အပင်ထိန်းသိမ်းပြုစုမှုလုပ်ငန်းများကို စနစ်တကျ ပုံမှန်ဆောင်ရွက်ပေးနိုင်ပါက အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်စေကာ အစေးအထွက်နှုန်းကိုပါ အကျိုးပြုစေပါသည်။ ထိုကဲ့သို့ အပင်ကြီးထွားမှုကောင်းပြီး အရွက်ဧရိယာများပြားသိပ်သည်းမှုသည် အစေးထွက်ကို အကျိုးပြုစေသည်သာမက အစေးယူချိန်တွင် ပင်စည်အား ထီးကဲ့သို့ အုပ်မိုးကာကွယ်ပေးထားသဖြင့် ပင်စည်ပေါ်မှ အစေးများကို မိုးရေကြောင့်ပျက်စီးဆုံးရှုံးမှု နည်းပါးစေပါသည်။ အစေးထုတ်အပင်အသက်အရွယ်နှင့် အစေးထုတ်သက်တမ်း လျှော်ဖြူပင်သည် အပင်ငယ်စဉ်အရွယ်မှစတင်ပြီး အစေးများထွက်သော်လည်း အပင်သက် ၄ နှစ်သားမှ ၅ နှစ်သား၊ ပင်စည်လုံးပတ် ၃ ထွာဆိုင်ခန့် (၂၇ လက်မခန့်) အရွယ်ရောက်ရှိမှစတင် အစေးထုတ်ယူသင့်ပါသည်။ အပင်ငယ်စဉ် အစေးထုတ်စောလွန်းပါက အပင်ကြီးထွားမှု အားနည်းသွားနိုင်ပါသည်။ လျှော်ဖြူပင်သည် သဘာဝအားဖြင့် နှစ် ၇၀ မှ ၉၀ သက်တမ်းရှိသော နှစ်ရှည်ပင်အမျိုးအစားဖြစ်သော်လည်း အပင်အား အစေးထုတ်ဒဏ်ရာပေးခြင်းသည် (အစေးထုတ်နည်းစနစ်အလိုက်) မူလသက်တမ်း၏ ထက်ဝက်မက သက်တမ်း လျော့ကျသွားစေနိုင်ပါသည်။ ပြက္ခရွေတောင်တန်း (မြစ်သားမြို့နယ်)၊ စစ်ကိုင်းနှင့် မင်းကွန်းတောင်တန်း (စစ်ကိုင်းမြို့နယ်)၊ တွင်းတောင် (ဘုတလင်မြို့နယ်) စသည့် တောင်တန်းများအပေါ်ရှိ ဒေသခံများ၏ ဓားထစ်နည်းဖြင့် အစေးထုတ်ယူလျက်ရှိ သော သဘာဝလျှော်ဖြူပင်များအားလေ့လာကြည့်ရာ အစေးထုတ်ပင်အများစုမှာ (၁၀) နှစ် အများဆုံး ၁၅ နှစ်အကြာသာ အစေးထုတ်နိုင်ကြောင်းတွေ့ရှိရသော်လည်း အချို့အပင်များသည် (အစေးထုတ်သူအပေါ်မူတည်လျက်) အစေးထုတ်ကာလ (၂၅) နှစ်ခန့်ရှိနေပြီး ယနေ့အချိန်အထိ ဆက်လက်အစေးထွက်ရှိဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ အစေးထုတ်လျှော်ဖြူပင်များ ပျက်စီးသေဆုံးမှု အဓိကအကြောင်းရင်းသည် ပင်စည်ဒဏ်ရာ ကြီးမားများပြားမှုကြောင့် လေဒဏ်မိုးဒဏ်မခံနိုင်ဘဲ ကျိုးကျသေဆုံးခြင်းနှင့် ဒဏ်ရာမှ ပင်စည်ထိုးပိုး အတွင်းဝင်ရောက်ဖျက်ဆီး၍ အပင်ခြောက်သွေ့ သေဆုံးခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ လျှော်ဖြူပင်၏ အစေးထုတ်နိုင်သည့် သက်တမ်းကာလသည် အစေးထုတ်ပုံနည်းစနစ် များအပေါ် မူတည်နေပြီး စနစ်တကျဆောင်ရွက်လျှင် အပင်သက်တမ်းရှည်ကြာစွာ အစေးထုတ်ယူနိုင်ပါသည်။ အချို့ဒေသများတွင် အပင်သက် (၅၀) နှစ်သက်တမ်းအထိ အစေးထွက်ကောင်းနေသော အပင်ကြီးများကို တွေ့ရှိရပါသည်။ အစေးထုတ်ပုံနည်းစနစ်များ မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူကြရာတွင် ပင်စည်ဓါးထစ်နည်းများကို သမာရိုးကျလုပ်ကိုင်မှုများပြီး အချို့ဒေသများတွင် ဆောက် (သို့မဟုတ်) လွန်ဖြင့် ပင်စည်အပေါက်ဖောက်နည်းကို အသုံးပြုကြသည်။ (၁) ဓါးထစ်နည်း လျှော်ဖြူပင်မှ အစေးထုတ်ယူရန် ဦးစွာအပင်အား ပြင်ဆင်ရာတွင် အပင်အမြင့် ၁ ပေခွဲ၊ ၂ ပေခန့်မှစ၍ ပင်စည်ပေါ်တွင် အနက် ၁ လက်မမှ ၁ လက်မခွဲခန့်၊ အကျယ် ၃ လက်မ ၄ လက်မခန့်၊ လခြမ်းကွေးပုံ ဘန်ထစ်ပြုလုပ် ခုတ်လှီးပေးရသည်။ ပင်စည်အသားအနည်းငယ် ပြတ်ရုံသာချိန်ဆပြုလုပ်ရပြီး ဓါးအစား ရဲဒင်း၊ လွှများဖြင့် သုံးစွဲပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကို ပင်စည် အစေးကြောဖြတ်ခြင်းဟု ခေါ်သည်။ ဤကဲ့သို့ ပင်စည်အစေးကြောဖြတ် ဓားထစ်ခြင်းကို ပထမရာသီတွင် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်လျက် ၂ နေရာ ၃ နေရာခန့်သာ ပြုလုပ်ပေးရပြီး အပင်ကြီးလာမှ တဖြည်းဖြည်းနေရာများစွာ ဓားထစ်ပြုလုပ်နိုင်သည်။ ပင်စည်ပေါ်ဓါးထစ်ရာတစ်ခုနှင့်တစ်ခုကို ထက်အောက် အကွာအဝေး ၁ ပေခွဲ၊ ၂ ပေခန့်ခြားပြီး နေရာလွှဲပြုလုပ်ရသည်။ ဓါးထစ်နေရာရွေးချယ်ရာတွင် ပင်စည်၏ လေကွယ် နေကွယ် ဘက်ခြမ်း၌ အစေးထစ်လျှင် အစေးအရည်အသွေး ညံ့တတ်သဖြင့် နေ၊ လေ ပိုမိုရရှိသည့် ပင်စည်ဘက်ခြမ်းတွင် ရွေးချယ်ပြုလုပ်ကြသည်။ ပင်စည်အခုံး (အကုံး) ရှိနေလျှင် ၎င်းနေရာ၌ အစေးထုတ်လျှင် အစေးထွက်နည်းသည်ဖြစ်၍ ၎င်းပင်စည်အခုံးနေရာတွင် ဓါးထစ်ခြင်းမပြုရပါ။ ဤကဲ့သို့ ပင်စည်အား အစေးကြေဖြတ်ထားပြီး ၂ ပတ် ၃ ပတ်ခန့်အကြာ အခေါက်နှင့် အသားအကြားမှ ကျီးပေါင်း (ခေါ်) မန်းရာ (ခေါ်) အသားနုလွှာကောင်းစွာဖြစ်ပေါ်လာသည်နှင့် ၎င်းအသားနုလွှာအား ဓါးထက်ထက်ဖြင့် ထန်းလှီးသကဲ့သို့ ပါးပါးရှပ်လှီးပေးရသည်။ ၎င်းကို အစေးကြောဖွင့်ခြင်း (၀ါ) မန်းပြင်ခြင်းဟုခေါ်ပါသည်။ ထိုသို့ ရှေးဦးမန်းပြင်ခြင်းကို တစ်ပတ်ခြား ၁ ကြိမ် ၂ ကြိမ်ခန့်ပြုလုပ်လေ့ကျင့်ပေးရသည်။ အချို့အပင်များသည် ၁ ကြိမ် ၂ ကြိမ်ပြင်ရုံဖြင့် အစေးထွက်မန်း ရရှိလာသည်။ ၎င်းကို မန်းနပ်သွားသည်ဟု ခေါ်ကြသည်။ မန်းနပ်သွားမှ အစေးများ နေ့စဉ်မပြတ်ထွက်ရှိလာပါသည်။ထိုကဲ့သို့ လျှော်ဖြူပင်စည်အပေါ်အစေးကြောဖွင့် မန်းပြင်ပေးပြီး ၎င်းနေရာရှိ အခေါက်သားအတွင်းမှ အစေးများ နေ့စဉ်စိမ့်ထွက်လာနေမည်ဖြစ်ပါသည်။ အစေးများသည် ထွက်စမှာပင် ပျစ်ချွဲချွဲကပ်စေးစေးရှိပြီး ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ (၂၄) နာရီအတွင်း အစေးများ ပျစ်ခဲမာထန့်သွားသည်။ လေထုစိုထိုင်းဆများနေလျှင် အစေးများပျစ်ခဲမှု ကြန့်ကြာသည်။ မိုးရေနှင့်ထိလျှင် အစေးများ ပျော်ကျသွားသည်။ သို့ဖြစ်ရာ အပင်ပေါ်ရှိအစေးခဲများကို ရာသီဥတု (မိုး အခြေအနေ) ကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ တစ်ပတ်တစ်ကြိမ်ဖြစ်စေ ခွါယူသိမ်းဆည်းနိုင်ပါသည်။ (၂) ဆောက်ရိုက်နည်း ပင်စည်ပေါ်တွင် ဆောက်ခုံးငယ်ဖြင့် အ၀ိုင်းပေါက်ငယ်များပြုလုပ်၍ အစေးထုတ်ယူသည့်နည်းဖြစ်ပါသည်။ ပင်စည်၏ ဒူး၊ ခါး ခန့်အမြင့်ရှိသော နေရာမှစ၍ ငါးမူး၊ သုံးမတ်ဆိုက်အရွယ် အ၀ိုင်းပေါက်ငယ်များကို ပင်စည်ပတ်လည် နေရာလွှဲကာ တစ်ခုနှင့်တစ်ခု အကွာအဝေး ၁ ပေမှ ၁ ပေခွဲစီခြားလျက် အပေါက် ၅ ပေါက်မှ ၇ ပေါက်ခန့် ဖောက်ပေးရသည်။ အခေါက်ပြတ်ရုံ ဖောက်ပေးရသည်။ အချို့က လက်သမားသုံး “လွန်” ကိရိယာဖြင့် ဖောက်ကြသည်။ ၎င်းနည်းသည် ဓားထစ်နည်းလောက် ပင်စည်ဒဏ်ရာ ကြီးမားမှုမရှိပါ။ အပေါက်အရေအတွက်ကို ပင်စည်လုံးပတ်အရွယ်အစားအရ ချိန်ဆပြုလုပ်ပေးရမည်ဖြစ်သည်။ ပင်စည်ဖောက်ပြီး ၁ ပတ် ၂ ပတ်ခန့်အကြာ အပေါက်အတွင်း အသားနုတက်လာလျှင် အပေါက်အတွင်းသားများကို ထန်းနွေးဓါးကဲ့သို့ ဓါးငယ်ဦးချွန်ဖြင့် လှည့်ခြစ်လှီးပေးခြင်း (၀ါ) မျက်နှာသစ်ပေးခြင်းဖြင့် အစေးများ နေ့စဉ်ပုံမှန်ထွက်လာမည်ဖြစ်ပါသည်။ အစေးများပုံမှန်ထွက်ရေးအတွက် အပေါက်အတွင်း အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန် လိုအပ်ပြီး တစ်နည်းအားဖြင့် အသားနုကြမ်းမသွားရန်အတွက် အခြေအနေကြည့်၍ သုံးလေးရက်မှ တစ်ပတ် ၁ ကြိမ် မျက်နှာသစ် မန်းပြင်ပေးရသည်။ မန်းရာကြမ်းသွားပြီး အစေးထွက်ရပ်သွားလျှင် နေရာအသစ်ပြောင်းကာ ဖောက်ပေးရပါသည်။ မန်းပြင်ရာတွင် အပေါက်အတွင်း သစ်သားအမှိုက်များ မကျန်ရန် သန့်ရှင်းပေးရန်လိုအပ်သည်။ မိုးရာသီ၌ မိုးများစွာရွာသွန်းပြီးနောက် အစေးထုတ်ပေါက်များအတွင်း ရေတင်မကျန်ရန် သန့်ရှင်းပေးရသည်။ အပေါက်ကို အောက်ဘက်သို့ အနည်းငယ် စောင်းဖောက်ပေးရန်လိုအပ်သည်။ (၃) သပ်ထိုးနည်း ပင်စည်းအခေါက်အား ရဲဒင်း (သို့) ဆောက်ပြား (သို့) ဓါးအသုံးပြု၍ အကျယ် ၂ လက်မခွဲခန့် ရိုက်ဖြတ်ပြီး အပေါ်ခြမ်းအခေါက်နှင့် အူတိုင်အတွင်းသို့ အနေတော်သပ်တစ်ခုဖြင့် ၃ လက်မခန့်ဝင်အောင် ရိုက်သွင်းကာ သပ်အား ၁၂ နာရီမှ ၂၄ နာရီအကြာထည့်ထားလိုက်ရသည်။ သပ်ထိုးဒဏ်ရာမှ အစေးများထွက်လာပြီး တစ်ပတ်ခန့်အကြာတွင် အစေးများ ကောက်ယူနိုင်သည်။ ထို့နည်းတူ အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံ ရိုက်ဖြတ်၍ အခေါက်အားလှန်ထားခြင်းဖြင့်လည်း အစေးများထွက်လာစေသည်။ သပ်ပေါက်အရေအတွက်ကို အပင်၏ လုံးပတ်အရွယ်အစားအရ(၃) နေရာမှ (၅) နေရာခန့် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ (၄) အစေးထွက်လှုံ့ဆောက်ပစ္စည်းသုံးစွဲနည်း သဘာဝလျှော်ဖြူပင်များမှ အစေးရရှိရန် လက်ရှိလုပ်ကိုင်နေကြသော ဓါးထစ်အစေးထုတ်နည်းတွင် အများစုသည် ပင်စည်အား ဒဏ်ရာကြီးမားစွာ ပြုလုပ်လျက်နေရာများစွာမှ ကြိမ်ဖန်များစွာ အတိုင်းအဆမရှိ အစေးထုတ်ယူကြခြင်းဖြစ်ရာ အပင်ကြီးထွားမှုနှင့် မျိုးပွားမှုကို များစွာထိခိုက်ပြီး အပင်သေဆုံးသည်အထိ ဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ သဘာဝအပင်များကို အသက်အရွယ်မရွေးလွန်ကျူးစွာ ဓါးထစ်၊ အစေးထုတ်ယူမှုများကြောင့် အပင်သက်တမ်းမရှည်ကြပါ။ သို့ဖြစ်ရာ အပင်အားထိခိုက်မှုအနည်းဆုံးဖြင့် အစေးထွက်အများဆုံးရရှိနိုင်သော သိပ္ပံနည်းကျ အစေးထုတ်နည်းစနစ် (၀ါ) မှန်ကန်သည့် အစေးထုတ်နည်းစနစ်ဖြင့် ကျင့်သုံးလုပ်ကိုင်နိုင်ရန် အထူးလိုအပ်ပါသည်။ အိန္ဒိယနိုင်ငံ Madhya Pradesh နှင့် Andhra Pradesh ပြည်နယ်များတွင် အိန္ဒိယသစ်တောဌာနမှ ၁၉၉၅ ခုနှစ်က လျှော်ပင်နှင့် လျှော်နီပင်များ၌ အစေးထုတ်နည်းစနစ်ကို စမ်းသပ်ရှာဖွေခဲ့ရာ ပင်စည်အား အပေါက်ငယ်များဖောက်ပြီး အစေးထွက်လှုံ့ဆော်ပစ္စည်းဖြစ်သည့် Ethephon ခေါ် 2-chloroethyl Phosphonic acid သုံးစွဲခြင်းဖြင့် အစေးထွက်အများဆုံးရရှိသည်ကို တွေ့ရှိခဲ့ပါသည်။ Ethephon သုံးစွဲခြင်းဖြင့် သမာရိုးကျအစေးထုတ်နည်းထက် (၁၀) ဆခန့် အစေးပိုမိုထွက်ရှိသည့်အပြင် အစေးအရည်အသွေးသည်လည်း ပိုမိုကောင်းမွန်ကာ ဒဏ်ရာများကိုလည်း အလျင်အမြန် အသားပြန်ပိတ်သွားစေကြောင်း တွေ့ရှိရပါသည်။ Ethephon သုံးစွဲ၍ အစေးထုတ်ယူလုပ်ကိုင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပင်စည်အမြင့် ၃ ပေခန့်တွင် ပင်စည်ဖောက်ကိရိယာအသုံးပြု၍ အချင်း ၁ လက်မ၏ လေးပုံတစ်ပုံ (တစ်မတ်ဝိုင်းခန့်)၊ အနက် ၁ လက်မမှ ၁ လက်မခွဲခန့်ရှိ အပေါက်များကို ပင်စည်ပတ်လည်၌ တစ်ခုနှင့်တစ်ခု အကွာအဝေး ၈ လက်မမှ ၁၂ လက်မခန့် ထားရှိလျက် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်ပြီး အပေါက်အရေအတွက် ၇ ပေါက်မှ ၁၅ ပေါက်အထိ ပြုလုပ်ပေးရသည်။ ထိုသို့ဖောက်ပြီးလျှင် အပေါက်များအတွင်းသို့ (၂၈၅) မီလီဂရမ် တက်ကြွပစ္စည်းပါ Ethephon ဆေးရည် ၁ စီစီ (285 mg active substance in 1 mlgr) ထည့်သွင်းပေးခြင်းဖြင့် အစေးများ လေးငါးနာရီခန့်အကြာတွင် စိမ့်ထွက်လာကာ ၁ ပတ်အကြာတွင် အစေးကောက်ယူနိုင်သည်။ မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် အထက်ဖော်ပြပါနည်းစနစ်အတိုင်း ပြုလုပ်နိုင်ပြီး၊ သမာရိုးကျအစေးထုတ်နည်းစနစ်များတွင်လည်း Ethephon သုံးစွဲလုပ်ကိုင်နိုင်ပါသည်။ သတိပြုရန်မှာ ပင်စည်အစေးကြောဖြတ်ဒဏ်ရာပြုလုပ်ရာတွင် ပင်စည်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ပင်စည်လုံးပတ် ၁ ပေမှ ၁၅ လက်မလျှင် တစ်ပေါက်နှုန်းခန့်သာ ပြုလုပ်၍ Ethephon ကို ဆေးနှုန်းထားမှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါသည်။ မည်သည့်အစေးထုတ်နည်းစနစ် ကျင့်သုံးသည်ဖြစ်စေ အပင်အခြေအနေနှင့် အစေးထွက်အခြေအနေပေါ်မူတည်လျက် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လျှော်ဖြူပင်အစေးထွက်ဆေးအဖြစ် ရာဘာတွင်သုံးစွဲသည့် Vitax ကဲ့သို့ အစေးထွက်အားဆေးများကိုလည်း သုံးစွဲနိုင်ပါသည်။ အထက်ဖော်ပြပါအတိုင်း အစေးကြောဖွင့်ထားသောဒဏ်ရာ (မန်းရာ) မှ အစေးထွက်ရှိမှု အတိုးအလျော့အပေါ်မူ တည်လျက် (၅) ရက်မှ (၇) ရက်ခန့်ကြာတိုင်း ယခင်နည်းအတိုင်း ထပ်မံ၍ ဓါးဖြင့်လှီးပြင်ပေးရသည်။ အချို့က ၂ ရက်ခြား ၃ ရက်ခြား မန်းပြင်ပေးကြသည်။ အစေးမပြတ်ထွက်လာရေးအတွက် မန်းရာသည် အမြဲစိုနေရန် (၀ါ) မန်းနပ်နေရန်လိုအပ်သဖြင့် မန်းရာအခြောက်မခံဘဲ (၀ါ) မန်းကျွတ် မန်းတင်မခံဘဲ အခြေအနေကြည့်၍ လိုအပ်သလို ပြုပြင်ပေးရသည်။ အစေးထွက်ရန် လက်ကြိုက်သည်ဟု ဆိုကြသည်။ အချို့အပင်များသည် ၂ ပတ် ၃ ပတ်ကြာအထိ မန်းပြင်စရာမလိုဘဲ အစေးမပြတ်ထွက်လာသည်လည်းရှိသည်။ အချို့က ဆောက်ငယ်ဖြင့် မန်းရာအား အနည်းငယ်ထိုးဖဲ့ပေးကြသည်။ အချို့က ဓါးစူးချွန်ဖြင့် အနည်းငယ်ထိုးဆွပေးကြသည်။ မည်သို့ပင်ဖြစ်စေ အစေးထွက်ပုံမှန်ရရှိရန် မန်းပြင်ပေးသူ၏ နားလည်ကျွမ်းကျင်မှု လိုအပ်ကြောင်းတွေ့ရှိရပါသည်။ ဤသို့ဖြင့် လျှော်ဖြူပင်၏ အစေးထုတ်ဒဏ်ရာအား အကြိမ်ကြိမ်ပြုပြင်လျှက် အစေးများပုံမှန်ထုတ်ယူနေရာမှ အသီးများ ရင့်မှည့်ချိန် ခြောက်သွေ့ရာသီရောက်ရှိလျှင် အစေးထွက် ဆုတ်သွားသဖြင့် မန်းပြင်မှုမပြုလုပ်တော့ဘဲ ရပ်နားကြသည်။ အချို့ဒေသများတွင် အပင်အားအနားမပေးဘဲ ဆက်လက်မန်းပြင် အစေးထုတ်ယူကြသည်လည်းရှိသည်။ လျှော်ဖြူပင်စည်အား အစေးထုတ်မန်းပြင်ခြင်းရပ်နားပေးလိုက်သည်နှင့် မူလဒဏ်ရာသည် ၆ လမှ ၇ လအကြာတွင် ကျီးပေါင်းတက်၍ အသားပြန်ပိတ်သွားသည်။ နောက်ရာသီ၌ မူလဒဏ်ရာဟောင်းအပေါ်မှသော်လည်းကောင်း အပေါ်ပိုင်းသို့ နေရာပြောင်း၍လည်းကောင်း ဆက်လက်အစေးထုတ်ယူကြသည်။ လျှော်ဖြူပင်၏ ပင်စည်လုံးပတ်ကြီးများလျင် အပင်ကိုင်းတက်များအထိ တက်ရောက်အစေးထုတ်ယူကြသည်။ ပင်စည်အပေါ်ပိုင်းနေရာများတွင် အစေးပိုမိုထွက်လေ့ရှိသည်။ မှတ်ချက် - အွန်လိုင်းမှ အလွယ်တကူလေ့လာနိုင်ရန်အတွက်သာရည်ရွယ်၍ ဆရာခင်မောင်ဝင်း (စက်မှုသီးနှံ) ၏ စာအုပ်ကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ လျှော်ဖြူအမှန်တကယ်စိုက်ပျိုးလိုသူအားလုံး၏ လက်ဝယ်တွင် အစဉ်သဖြင့် ကိုင်စွဲထားသင့်သည့် စာအုပ်ဖြစ်ပါ၍ မူရင်းစာအုပ်ကို ရှာဖွေဝယ်ယူ ဆောင်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

No comments:

Post a Comment